Pages

Wednesday, May 25, 2016

Eco-Tourism လုပ်ငန်းအောင်မြင်မှသာ ဧရာဝတီလင်းပိုင် နှင့် အကျိုးတူ ငါးဖမ်းသည့်ဓလေ့ ဆက်လက်ရပ်တည်နိုင်မည်



မန္တလေး ၊ ၂၅-၅-၂၀၁၆

Eco-Tourism လုပ်ငန်း အကောင် အထည်ဖော် အောင်မြင်မှသာ မန္တလေးဒေသရှိ ဧရာဝတီလင်းပိုင် နှင့် ရေလုပ်သား တို့၏ အကျိုးတူ ပူးပေါင်း ငါးဖမ်းသည့် ရိုးရာဓလေ့ ဆက်လက် ရပ်တည်နိုင်ရန် အလားအလာ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဒုတိယ ဦးစီးမှူး ဦးဟန်ဝင်း ထံမှ သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်သော မန္တလေးနှင့် ကျောက်မြောင်း ကြားရှိ ကျေးရွာများမှ လက်ပစ်ကွန် လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကြသော ရေလုပ်သား တို့နှင့် လင်းပိုင်တို့၏ အကျိုးတူ ပူးပေါင်း ငါးဖမ်းခြင်းသည် ယခင်နှစ်ပေါင်း များစွာကပင် တည်ရှိခဲ့သော ရိုးရာဓလေ့ တစ်ခုဖြစ်ပြီး ကမ္ဘာတွင် မြန်မာ နိုင်ငံ၌သာ တွေ့မြင်ရသော ဓလေ့လည်း ဖြစ်သည်။

ယခုအခါ အဆိုပါ ရေလုပ်သား များ၏ ကွန်ပစ် ငါးဖမ်းသည့် ဓလေ့မှာ တဖြည်းဖြည်း လျော့နည်းသွားပြီး ရေလုပ်သား တို့၏ စားဝတ်နေရေး အခြေအနေ အရ လက်ပစ်ကွန်ဖြင့် ငါးဖမ်းဆီး ရရှိမှုဖြင့် ရပ်တည်နိုင်သည့် အနေအထား မရှိကြောင်း၊ အခြားသော လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင် လာကြကြောင်း၊ လက်ရှိ လက်ပစ်ကွန် လုပ်ငန်းဖြင့် ငါးဖမ်းဆီးခြင်း ကို အမွေဆက်ခံမည့် မျိုးဆက်သစ် မရှိသလောက် နည်းပါး သွားပြီဖြစ်ကြောင်း သိရသည်။

''လက်ပစ်ကွန် ရေလုပ်သားနဲ့ လင်းပိုင်တွေ ပူးပေါင်း ငါးဖမ်းတဲ့ ရိုးရာဓလေ့ကို မပျောက်ပျက်အောင် အတတ်နိုင်ဆုံး တော့ ဆောင်ရွက် နေပါတယ်။ ဒါပေမဲ့ ရေလုပ်သား တွေရဲ့ စား၊ ဝတ်၊ နေ၊ ရေး အရ ဝင်ငွေရရှိမှု အပေါ် အခက်အခဲ ဖြစ်ပါတယ်။ အချိန်ကြာလာ ရင်တော့ ဒီရိုးရာဓလေ့ တစ်ခု ပျောက်ကွယ် သွားနိုင်ပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဒုတိယ ဦးစီးမှူး ဦးဟန်ဝင်း က သုံးသပ် ပြောပြသည်။

ယခုအခါ မန္တလေး ဒေသ၌ ဧရာဝတီ လင်းပိုင် ကြည့်ရှုသည့် Eco-Tourism ခရီးသွား လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရန် WCS (သားငှက် ထိန်းသိမ်းရေး အဖွဲ့)က စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါလုပ်ငန်း အောင်မြင်ပါက နိုင်ငံခြားသား ဝင်ရောက်မှု အပေါ် ဧရာဝတီ လင်းပိုင်နှင့် ရေလုပ်သား တို့ အကျိုးတူ ပူးပေါင်း ငါးဖမ်းသည့်ဓလေ့ မပျောက်ကွယ်ရေး အထောက်အကူ ပြုနိုင်ကြောင်း သိရသည်။

'' Eco-Tourism လုပ်ငန်း အောင်မြင်ရင် နိုင်ငံခြားသားတွေ ဝင်လာမယ်။ ဒီအချိန်မှာ လင်းပိုင် ကြည့်မယ်။ ရေလုပ်သား တွေနဲ့ ငါးဖမ်းတာတွေ ကြည့်မယ်။ ဒါမျိုး ဆိုရင်တော့ ဒီလိုရိုးရာ ဓလေ့တွေကို ဆက်လက် ထိန်းထား နိုင်ပါမယ်။ မဟုတ်ရင်တော့ စား၊ ဝတ်၊ နေ၊ ရေး အခြေအနေ အရ ဒီလိုမျိုး ရိုးရာဓလေ့တွေ ပျောက်ကွယ် သွားနိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment