Pages

Friday, April 29, 2016

တရားမ၀င် ကုန်စည်များတင်သွင်းမှုကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်များ ဈေးကွက်ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်


ရန်ကုန် ၊ ၂၉-၄-၂၀၁၆

ပြည်တွင်း စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ စားသောက်ကုန်များ တရားမဝင် ဝင်ရောက် လာမှုကြောင့် ဈေးကွက် အတွင်း ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင် များ၏ ဆွေးနွေး တင်ပြချက်များ အရ သိရသည်။

ပြည်တွင်း စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိတွင် ပြည်တွင်း စားသုံးရန်သာ အဓိကထား ထုတ်လုပ် နေရပြီး ပြည်ပမှ တရားမဝင် စားသောက်ကုန်များ ဝင်ရောက်လာ၍ ဈေးကွက် အတွင်း ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လာရာ တရားမဝင် စားသောက်ကုန်များ တင်သွင်းမှုကို စိစစ် ကြပ်မတ်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနတွင် မှတ်ပုံတင် ထားသည့် ပြည်တွင်း စက်မှု လုပ်ငန်းရှင် ၄၄ဝဝဝ ကျော်တွင် ၆၂ ရာခိုင်နှုန်းမှာ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ပြီး ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများ အနေဖြင့် ပြည်တွင်း စားသုံးရန်သာ အဓိကထား ထုတ်လုပ်ရသည့် အနေအထား ဖြစ်၍ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ရန် နှင့် ပြည်ပသို့ တင်ပို့ ရောင်းချရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ပြည်ပမှ စားသောက်ကုန် များ တရားမဝင် တင်သွင်းမှုကြောင့် နိုင်ငံတော်မှ ရသင့်သော အခွန်အခများ ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း စားသုံးသူများ ထံသို့ စားသုံးရန် မသင့်သော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများပါ ရောနှောတင်သွင်း လာကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့အခက်အခဲက နယ်စပ်ကနေ အခွန် မပေးဆောင်ဘဲ တရားမဝင် တင်သွင်းလာတဲ့ စားသောက်ကုန် တွေကြောင့် ပြည်တွင်းက လုပ်ငန်းရှင် တွေကိုပါ ထိခိုက်မှုတွေ အများကြီး ဖြစ်စေတယ်။ တရားမဝင် တင်သွင်းလာတဲ့ ထဲမှာ ဘာတွေ အဓိက ပါလဲဆိုရင် အစားအသောက် တွေသာမက ဆေးဝါးတွေနဲ့ လူသုံးကုန် ပစ္စည်းတွေ ပါပါတယ်'' ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment