Pages

Wednesday, April 27, 2016

မန္တလေးမြို့၌ အလုပ်အကိုင်ပြပွဲ ကျင်းပမည်


မန္တလေး ၊ ၂၇-၄-၂၀၁၆

မန္တလေးမြို့၌ မေ ၇ ရက်နှင့် ၈ ရက်တို့တွင် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတစ်ခု ကျင်းပသွားမည် ဖြစ်ကြောင်း ယင်း အလုပ်အကိုင် ပြပွဲ ကျင်းပမည့် work.com.mm မှ သတင်း ထုတ်ပြန်သည်။

အဆိုပါ အလုပ်အကိုင် ပြပွဲကို မန္တလေး ရတနာမောလ် ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။ ယင်း ပြပွဲတွင် တယ်လီနော မြန်မာက အဓိက ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၄ ခုမှ ဝန်ထမ်းများ ခေါ်ယူနိုင်ရန် ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် iPhone SE နှင့်တကွ တခြားသော ဆုလက်ဆောင် များကိုလည်း မဲဖောက်၍ ချီးမြှင့်ပေး သွားမည် ဖြစ်သည်။ ပြပွဲသို့ လာရောက်သူများ အနေဖြင့် အလုပ် လျှောက်လွှာ များကို ယူဆောင်လာရန် လိုအပ်ပြီး သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီသူ များအား လုပ်ငန်းရှင်များ ဘက်က တိုက်ရိုက် အင်တာဗျူး ခေါ်ယူသွားမည့် အခွင့်အရေး ကိုပါ ရရှိနိုင်ရန် စီစဉ်ပေး သွားမည် ဖြစ်ကြောင်း work.com.mm မှ ပွဲစီစဉ်သူ Marketing Officer ကိုရန်ပိုင် က ပြောသည်။

အဆိုပါ အလုပ်အကိုင် ပြပွဲသို့ လာရောက်ရန် work.com.mm ၏ ဝက်ဘ်ဆိုက်နှင့် Facebook တို့တွင် ကြိုတင် စာရင်းပေးသွင်း နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

''မန္တလေးမှာက အလုပ်အကိုင် ပြပွဲတွေ လုပ်တာ ရှားပါတယ်။ ဒီဘက်မှာ အလုပ် ရှာဖွေရေး အေဂျင်စီတွေ ကိုပဲ အားကိုး ချိတ်ဆက် ရတာများတယ်။ အခုလို လုပ်ငန်း အများကြီးက တစ်နေရာ တည်းမှာ ပြပွဲလုပ်ရင်း အလုပ်ခန့်မှာ ဆိုတော့ အခွင့်အရေး လည်း များသွားမယ်။ လုပ်ငန်းရှင် တွေနဲ့လည်း တိုက်ရိုက် ထိတွေ့ခွင့် ရမယ်ဆိုတော့ ပိုကောင်း ပါတယ်'' ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သူ မနှင်းဝေ က ပြောသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment