Pages

Wednesday, April 27, 2016

စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အကျိုးပြုသော်လည်း သစ်ဆွေးမြေက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေရန် ဖန်တီးနိုင်


ရန်ကုန် ၊ ၂၇-၄-၂၀၁၆

သစ်ဆွေးမြေသည် စိုက်ပျိုးရေး လုပ်ငန်းများ၌ သီးနှံဖြစ်ထွန်း စေသော်လည်း တောမီး လောင်ကျွမ်းမှုများ ကဲ့သို့သော ဖြစ်ရပ်များ တွေ့ကြုံပါက မီးငြှိမ်းသတ်ရန် ခက်ခဲသော အခြေအနေမျိုး ဖြစ်စေနိုင် ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် ပညာရှင် တစ်ဦးက ပြောသည်။

သစ်ဆွေးမြေကို ရေတိမ် ဂေဟစနစ် တွင် ပေါက်ရောက် တတ်သော သစ်တောများ၊ မြက်ရိုင်းများနှင့် ချုံနွယ် ထူထပ်သော နေရာများ၏ အောက်တွင် တွေ့ရှိရပြီး ပုံမှန်အားဖြင့် အနက်ရောင် ရှိတတ်သည်။ ထိုသစ်ဆွေးမြေ ပေါ်၌ မြေဆီလွှာ ၂ ပေခန့် ဖုံးအုပ်တည်ရှိ နိုင်သောကြောင့် အလွယ်တကူ မီးလောင်ကျွမ်း ခြင်းမျိုး မဖြစ်နိုင်ကြောင်း သစ်ဆွေးမြေမှ စုပ်ယူထားသော အစိုဓာတ်သည် အပေါ်ယံ မြေဆီလွှာသို့ ပြန်လည်မှုတ်ထုတ် တတ်သဖြင့် မြေဆီလွှာ ခန်းခြောက်ခြင်း မျိုး မဖြစ်နိုင်ကြောင်း၊ ယင်းမှာ အစိုဓာတ် အမြဲမပြတ် ရရှိသောကြောင့် ပဲ၊ နေကြာ၊ အာလူး၊ ကြက်သွန် အစရှိသော သီးနှံများကို ပွင့်လင်းရာသီ တွင်ပါ စိုက်ပျိုးနိုင်သော အကျိုး ကျေးဇူးများလည်း ရရှိ စေနိုင်ကြောင်း သိရသည်။

တချို့သော တောင်သူများမှာ သစ်ဆွေးမြေ ရှိရာကို မသိရှိသဖြင့် ရေနုတ်မြောင်းများ ဖောက်လုပ်မိ သောကြောင့် ရေပါဝင်မှု လျော့ကျကာ ခြောက်သွေ့၍ မီးလောင်ရန် လွယ်ကူသော အခြေအနေ မျိုးကို ဖြစ်ပေါ်ခြင်း ဖြစ်သည်။

''သစ်ဆွေးမြေမှာ မီးလောင်တဲ့အခါ မီးတောက်က မကြီးမားပေမယ့် ဖွဲမီးလောင် သလို တငွေ့ငွေ့ လောင်ကျွမ်း ပြီးတော့ ငြှိမ်းသတ်ရ ခက်ခဲတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီလို အခိုးအငွေ့တွေ တငွေ့ငွေ့ ထွက်တာမျိုး ကလည်း မီးခိုးငွေ့ ဖြစ်ထွန်းပြီး မြူဖြစ်စေတဲ့ အခြေအနေကြောင့် လေထု ညစ်ညမ်းမှုတွေ ဖြစ်လာစေ ပါတယ်'' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း ပညာပေး ဟောပြောသူ တစ်ဦးက ပြောသည်။

သစ်ဆွေးမြေသည် အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ အပူချိန်နှင့် ဖိအားတို့ကြောင့် ကျောက်မီးသွေး အဖြစ်သို့ ပြောင်းလဲ ရောက်ရှိနိုင်ခြင်း၊ ကာဗွန် သိုမှီးနိုင်မှု အမြင့်ဆုံး ဖြစ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှု အတွက် အရေးပါသော ဂေဟစနစ် တစ်ခုဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ စုံလင်သော နေရာဖြစ်ခြင်း စသည်ဖြင့် အကျိုး ဖြစ်ထွန်းမှုရှိပြီး နေရာဒေသကို လိုက်၍ တစ်နှစ်လျှင် ပျမ်းမျှ ၁ မီတာခန့် ထူထပ်မှု ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment