Pages

Friday, April 22, 2016

အပူချိန်မြင့်တက် လာခြင်းကြောင့် ပုစွန်သားဖောက်စခန်း များကို ဇွန်လဆန်းပိုင်းအထိ ခေတ္တပိတ်သိမ်းမည်



ရန်ကုန် ၊ ၂၂-၄-၂၀၁၆

ယခုနှစ် နွေရာသီတွင် အပူချိန် သိသိသာသာ မြင့်တက်လာခဲ့ရာ မြင့်တက်လာသည့် အပူရှိန်ကြောင့် ပုစွန်သားဖောက် စခန်းများ၌ ပုစွန် သားပေါက်များ အသေအပျောက် များပြားနေသဖြင့် ဇွန်လဆန်းပိုင်း အထိ ခေတ္တ ပိတ်သိမ်းပြီး လုပ်ငန်း ရပ်နားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

ဧပြီလဆန်းပိုင်းမှ စ၍ ပြည်တွင်းရှိ ပုစွန်သားဖောက် စခန်းများ၌ သားပေါက်များ၏ ၅ဝ ရာခိုင်နှုန်းအထိ အသေအပျောက် ရှိနေခြင်းကြောင့် ပုစွန်သားဖောက် စခန်းများကို ခေတ္တရပ်နား ထားရခြင်း ဖြစ်သည်။

''အရင်က ပုစွန်သားဖောက် စခန်းတွေမှာ အသေအပျောက် များတာက ရောဂါပိုး ကြောင့်ပါ။ ဒါ့အပြင် သားဖောက်တဲ့ နည်းစနစ် မမှန်တာတွေရယ်၊ ရေသန့်ရှင်းမှု မရှိတာတွေရယ် ကြောင့်ပါ။ အဲဒီတုန်း ကတော့ အကုန်လုံးနီးပါး သေတာပါ။ အခုက တစ်ဝက်လောက်ပဲ သေတာ။ အပူချိန် အရမ်းမြင့်နေတော့ သားပေါက်တွေ အပူဒဏ်မခံနိုင် တာကြောင့်ပါ'' ဟု ၄င်းကဆက်လက် ပြောသည်။

ထိုကဲ့သို့ အပူချိန် မြင့်မားမှုကြောင့် သားပေါက် အသေအပျောက်နှုန်း မြင့်မားနေခြင်းမှာ ခေတ်မီ နည်းပညာများကို အသုံးပြု နိုင်ခြင်းမရှိသည့် အပြင် စက်ပစ္စည်း လိုအပ်ချက် များကြောင့် ဖြစ်ကြောင်း၊ မွေးမြူသူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ ပုစွန်သားပေါက် များကို ဝယ်ယူ မွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်ကလည်း ပြည်တွင်းမှာ ပုစွန် သားပေါက်တွေ ရှားရင် ပြည်ပကနေ ဝယ်ပြီး မွေးရတာပဲ။ ဒါပေမဲ့ အခုဝယ်မယ် ဆိုရင်တော့ အရည်အသွေးပိုင်းနဲ့ ပတ်သက်တဲ့ စာချုပ်ချုပ်ပြီး ဝယ်ရမယ်။ သားပေါက်ကို ကြည့်ရုံနဲ့ ကြီးလာရင် ဘယ်လို အရည်အသွေး ရှိမယ်ဆိုတာ မသိနိုင်ဘူး'' ဟု ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင် ဦးမြင့်ကြည် က ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment