Pages

Friday, April 22, 2016

အင်းလေးဒေသ၌ စက်ဘီးစီးခရီးစဉ်များ ရေးဆွဲရန် စီစဉ်လျက်ရှိ



ရန်ကုန် ၊ ၂၂-၄-၂၀၁၆

ယူနက်စကို ၏ လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ် သတ်မှတ်ခံထား ရပြီး နိုင်ငံခြားခရီးသွား ဧည့်သည် အများအပြား လာရောက်ကြသည့် အင်းလေးဒေသ၌ ခရီးစဉ် အသစ်များ တိုးချဲ့မှုအဖြစ် စက်ဘီးစီး ခရီးစဉ်များ ရေးဆွဲရန် စီစဉ်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

စက်ဘီးစီး ခရီးစဉ်သည် မြန်မာနိုင်ငံ၌ ကျယ်ပြန့်မှု မရှိသေးသော်လည်း ကမ္ဘာပေါ်၌ ကျယ်ပြန့်သည့် ခရီးသွားလုပ်ငန်း ဖြစ်ပြီး ဥရောပသား များနှင့် အားကစားကို စိတ်ဝင်စားသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကလည်း ပိုမိုစိတ်ဝင်စား ကြောင်း၊ လက်ရှိတွင် စက်ဘီးစီး ခရီးစဉ်မှာ အင်းလေးကန် ပတ်လည်နှင့် တောင်ကြီးမြို့ အေးသာယာမှ အင်းလေးကန်အထိ ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''အခုစီစဉ်နေတဲ့ စက်ဘီးစီး ခရီးစဉ်က လမ်းမှာ ရှုခင်းလည်း ကြည့်လို့ရတယ်။ သွားချင်တဲ့ နေရာကိုလည်း သွားလို့ရတယ်။ မြေတစ်ဆက် တစ်စပ်တည်းရှိတဲ့ ဘယ်နေရာမဆို စက်ဘီးစီး ခရီးစဉ်က ရေးဆွဲလို့ ရတယ်။ ဒီလိုမျိုး ခရီးစဉ်ကို ကြိုက်တဲ့သူတွေက အစားအသောက် မရွေးဘူး။ အားကစား သဘောမျိုး လုပ်ကြတော့ စီစဉ်ရတာ လွယ်ကူပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး အင်းလေးဒေသ စက်ဘီးစီး ခရီးစဉ်အပြင် ရှမ်းပြည်နယ် ပအိုဝ်းဒေသနှင့် ကရင်ပြည်နယ် သံတောင်ကြီး ဒေသတို့၌ လမ်းကြောင်း ခရီးစဉ်များ စီစဉ်ရေး၊ သံတောင်ကြီး - လွိုင်ကော် - အင်းလေး ခရီးစဉ်မှတစ်ဆင့် ပင်းတယ၊ ပြဒါးလင်းဂူသို့ သွားရောက်သော လမ်းကြောင်း၌ ပိုမို အဆင်ပြေအောင် ဆောင်ရွက်ရေး တို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အဓိက လုပ်ငန်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၄ ဒသမ ၇ သန်း ဝင်ရောက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ သုံးစွဲခဲ့သည်။ ပြည်တွင်း၌ ခရီးသွား လုပ်ငန်းများ ယခုထက် ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ အသက်မွေး ဝမ်းကျောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ရန် လိုအပ်နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment