Pages

Tuesday, March 8, 2016

ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီ ဥရောပမေထုန်မဲ့နည်းဖြင့် အရည်အသွေးကောင်း ပျားဘုရင်မများ မွေးထုတ်ပေးလျက်ရှိ



ရန်ကုန် ၊ ၈-၃-၂၀၁၆

ပျားမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ပျားလုပ်ငန်း ဌာနက ဥရောပ မေထုန်မဲ့နည်းဖြင့် ပျားလုပ်ငန်း အတွက် အရေးကြီးသော အရည်အသွေး ကောင်းမွန်သည့် မိတ်အောင် ပျားဘုရင်မများ မွေးမြူ ထုတ်လုပ်ပေးလျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဝန်ကြီးဌာန လက်အောက်ရှိ ပျားလုပ်ငန်းဌာန အနေဖြင့် ပျားမွေးမြူရေး သင်တန်းများကို လုပ်ဆောင်ပေး နေခြင်းမှာ ဒေသခံ တောင်သူများအား ပျားမွေးမြူရေး ပညာရပ်ကို စာတွေ့လက်တွေ့ တတ်မြောက်ပြီး မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူကာ အပိုဝင်ငွေ ရရှိသည်မှ စီးပွားဖြစ် မွေးမြူနိုင်သည် အထိ ထုတ်လုပ် ဆောင်ရွက်နိုင် စေရန်ဖြစ်ကြောင်း သိရသည်။

ခေတ်မီဥရောပ မေထုန်မဲ့နည်းဖြင့် အရည်အသွေး ကောင်းမွန်သည့် မိတ်အောင် ပျားဘုရင်မမွေးမြူ ထုတ်လုပ်ရေးမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိရာ AI နည်းဖြင့် မိတ်အောင် ပျားဘုရင်မများ အောင်မြင်စွာ မွေးမြူထုတ်လုပ် နိုင်စေရန် ပြုလုပ်ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဌာန အနေဖြင့် ပျားဘုရင်မ၏ ဇီဝကမ္မဗေဒ မျိုးရိုးဗီဇ၊ ရောဂါများ၊ ပျားထီး မွေးမြူနည်း၊ ပျားဘုရင်မ မွေးမြူနည်း၊ မိတ်လိုက်ပျားအုံ ငယ်များ ဖွဲ့စည်းခြင်းနှင့် အသုံးပြုခြင်း၊ AI နည်းဖြင့် မိတ်အောင် ပျားဘုရင်မမွေးမြူနည်းများကို အဓိကထား လုပ်ဆောင်ပေး နေခြင်းဖြစ်ကြောင်း ပျားလုပ်ငန်း ဌာန၏ အချက်အလက်များ အရ သိရသည်။

ဒေသခံများအတွက် ပျားမွေးမြူရေး ဆိုင်ရာ ဝေါဟာရများ၊ ပျားအမျိုးအစား များနှင့် ဘဝစက်ဝန်း၊ ဝတ်ရည်စု ပျားအုံဖွဲ့စည်းမှု နှင့် ပျားဘုရင်မ သုံးမျိုးအကြောင်း၊ ပျားမွေးမြူရေး နည်းစနစ်များ၊ ပျားမွေးမြူရေး လုပ်ငန်းသုံးပစ္စည်းများ၊ ပျားထွက်ပစ္စည်းများ၊ ပျားစာပင်များ၊ ပျားရည်ထုတ်ယူခြင်း၊ ပျားအုံပေါင်းခြင်း၊ ခွဲခြင်း၊ သစ်ခေါင်းပျား မွေးမြူခြင်း၊ ပျားရောဂါ ကာကွယ်ကုသ နည်းများ၊ ပျား အဆိပ်သင့်ခြင်း၊ ဝတ်မှုန်ကူးခြင်း စသည်တို့ကို ဆွေးနွေးပို့ချ ပေးလျက် ရှိကြောင်း သိရသည်။

ကံထူး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment