Pages

Friday, March 4, 2016

ဧရာဝတီမြစ်အတွင်း သဲသောင်များ ဖြစ်ထွန်းလာမှုကြောင့် ပြည်ဒေသတစ်လျှောက် ရေကြောင်း သွားလာရေးခက်ခဲလာ



ပြည် ၊ ၄-၃-၂၀၁၆

ဧရာဝတီမြစ်ကြောင်း ဖြတ်သန်း စီးဆင်းရာ ပြည်ဒေသ တစ်လျှောက်တွင် ဧရာဝတီမြစ်ရေ နည်းသွားပြီး သောင်ပြင်များ ဖြစ်ထွန်းလာမှုကြောင့် ရေကြောင်း ကျပ်တည်းကာ သင်္ဘောများနှင့် မော်တော်များ သွားလာရခက်ခဲ လာကြောင်း ရေကြောင်းခရီး သွားလာသူများ ထံမှ သိရသည်။

''သင်္ဘောတွေ ဆင်းလာတော့ ရှောင်ရ၊ တိမ်းရ ခက်ခဲပါတယ်။ သောင်ထွန်းနေတဲ့ အခါ ရေလမ်းကြောင်း တစ်ကြောင်းပဲ ရှိတော့ အစုန်၊ အဆန် ကြည့်မောင်း နေရပါတယ်။ ရေကြောင်းက တော်တော်ကို ပါးလွန်း အားကြီးပါတယ်။ နွေလယ်ပိုင်း ရောက်ရင် ပိုဆိုးမှာပါ။ သောင်ဖော်တုန်း ခဏပဲ ကျယ်သလိုလို ဖြစ်ပြီး ပြန်ပိတ်သွား ပါတယ်။ အခုထိ ပိတ်မြဲပါ'' ဟု ပြည်-ကံမ မော်တော် ပြေးဆွဲသူ တစ်ဦးက ပြောပြသည်။

သဲသောင်ပြင်များ ဖြစ်ထွန်းမှုကြောင့် မြစ်အထက်ပိုင်း ကံမမြို့၊ ပြည်မြို့နှင့် မြန်အောင်မြို့ တို့အကြားတွင် မြစ်ကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ်ပြီး ပြည်ဒေသ အခြားနေရာများ တွင်လည်း သောင်ပြင် များအား ကွေ့ရှောင် မောင်းရခြင်း နှင့် ရေတိမ်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း ရေကြောင်း ကျပ်တည်းသော ကာလများမှာ ရေကျချိန်ဖြစ်သော နိုဝင်ဘာလမှ စတင်ကာ မေလထိဖြစ်ပြီး မြစ်ကြောင်း တစ်လျှောက် ရေတိမ်ခြင်းနှင့် သောင်ခုံများ အများအပြား ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

''ရေနည်းချိန် ကာလမှာ ရေလမ်းညွှန် လုပ်ငန်း ရှိပါတယ်။ ကမ်းပေါ်မှာ အမှတ်အသားတွေ ပြပေးပါတယ်။ လိုအပ်တဲ့ နေရာတွေ ဆိုရင် ရေထဲမှာ ဘောဖြူ၊ ဘောနီ ဆိုတာတွေ ထားပေးပြီး ရေလမ်းကို ဖြောင့်ဖြောင့် တန်းတန်း သွားလို့ ရအောင် ချပေးထား ပါတယ်။ သင်္ဘောတွေ သွားလာရ အဆင်ပြေ အောင်ပါ'' ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးလှမျိုး က ပြောပြသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှု ကာကွယ်ရန်နှင့် မြစ်ကြောင်း ရေစီးရေလာ ကောင်းမွန်ရေးတို့ အတွက် ပြည်မြို့ အထက်ပိုင်းတွင် သောင်တူးခြင်း၊ ကျောက်စီ ရေကာတာ ပြုလုပ်ခြင်း လုပ်ငန်းများ ကို ငွေကျပ်သန်း ၃၇ဝ ကျော် အသုံးပြု၍ ဆောင်ရွက် ခဲ့ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment