Pages

Tuesday, March 8, 2016

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ကြယ်လိပ်များ နှစ်စဉ် အကောင်ရေ တိုးပွားလာလျက်ရှိ



မင်းဘူး ၊ ၈-၃-၂၀၁၆

မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ရွှေစက်တော် သာသနာ့နယ်မြေ ရွှေစက်တော် ဘေးမဲ့တော အတွင်း ကျက်စားနေထိုင် ကြသော မြန်မာ့ကြယ်လိပ် များမှာ ယခင်က မျိုးသုဉ်းရန် အလွန်နီးအဆင့် သတ်မှတ်ခံထား ရသော်လည်း ပြင်ပ ခြံလှောင်၍ စမ်းသပ်မွေးမြူ ခဲ့ရာ အောင်မြင်မှုများ ရရှိပြီး နှစ်စဉ် အကောင်ရေ တိုးပွားလျက် ရှိကြောင်း သိရသည်။

'' ကြယ်လိပ်တွေ သဘာဝ တောအတွင်းမှာ တဖြည်းဖြည်း ရှားပါးလာတဲ့ အတွက် ပြင်ပခြံလှောင် မွေးမြူခြင်း ပြုလုပ်ရာမှာ အောင်မြင်လျက် ရှိပါတယ်။ ပြင်ပခြံလှောင် မွေးတဲ့ စနစ်ကနေ သဘာဝ တောအတွင်း လိုက်လျော ညီထွေ ပြန်လည်ရှင်သန် စေဖို့အတွက် ၂ဝ၁၂ ခုနှစ်မှစ၍ သားပေါက် သုံးကောင်ကို တောတွင်းမှာ နေထိုင်ကျက်စား စေပြီး သဘာဝအစာနဲ့ စမ်းသပ်လေ့လာ တဲ့အခါ စမ်းသပ်မှု အဆင့်ဆင့် အောင်မြင်ခဲ့ ပါတယ်။

ကြယ်လိပ်တွေ နှစ်စဉ် အကောင်ရေ တိုးပွားလာ နေပါတယ်'' ဟု ရွှေစက်တော် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး မှ ဝန်ထမ်း တစ်ဦးက ပြောသည်။

မြန်မာအမည် ကြယ်လိပ်(ခ) ပင့်ကူလိပ်၊ အင်္ဂလိပ်အမည်  Burmese Star Tortoise ၊ သိပ္ပံအမည် Geochelone Platynota ကို ထိန်းသိမ်း ကာကွယ်မှုအဆင့် IUCN-Critically Endanger မျိုးသုဉ်းရန် အလွန်နီးဟု သတ်မှတ် ထားချက်အရ အလေးထား ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၄ ခုနှစ်ထိ ကြယ်လိပ် အကောင်ရေ ၂၉၇ ကောင် ထိန်းသိမ်း ထားကြောင်း ဘေးမဲ့တော မှတ်တမ်းများ အရ သိရသည်။

ကြယ်လိပ်များကို ရွှေစက်တော် ဘုရားဖူး လာပြည်သူများ လေ့လာနိုင်ရန် ယမန်နှစ်က ပွဲတော်အတွင်း လူထုပညာပေး ပြခန်းရှိ ခြံလှောင်အိမ် ထဲ၌ သဘာဝ ကျောက်တုံး ကျောက်ဆောင် ငယ်များ ပြုလုပ်ကာ မွေးမြူပြသ ခဲ့သည်။ ကြယ်လိပ်များသည် ဇူလိုင် နှင့် သြဂုတ်လ တို့တွင် မိတ်လိုက် တတ်ပြီး အောက်တိုဘာ လတွင် ဥများဥကာ (တစ်ကြိမ်လျှင် လေးလုံးမှ ငါးလုံးထိ) မေလတွင် ဥများ ပေါက်လေ့ရှိသည်။ ကြယ်လိပ် များကို အစာအဖြစ် ကန်စွန်းရွက်၊ ဘူးသီး၊ ဂေါ်ဖီ၊ ဖရဲသီးစသည့် အစာများ ကျွေးမွေး နိုင်သည်။

ရွှေစက်တော် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ကုန်းနေ ၊ ရေနေ သတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုးနှင့် ငှက်မျိုးစိတ် ၁၁၃ မျိုး တွေ့ရှိနိုင် သည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာ
ဘီလုံးငှက်၊ ငှက်မင်းသား ဗိုက်ဖြူ၊ ရွှေသမင် နှင့် ကြယ်လိပ် တို့လည်း ကျက်စား နေထိုင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment