Pages

Tuesday, March 8, 2016

ကျသင့်အခွန် ထမ်းဆောင်ခြင်းမရှိသော အထူးကုန်စည် ၁၆ မျိုး ဖမ်းဆီးနိုင်ရန် သတင်းပေးတိုင်ကြားသူကို ရရှိသည့်ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ချီးမြှင့်မည်


ရန်ကုန် ၊ ၈-၃-၂၀၁၆

အရက်၊ ဘီယာ၊ စီးကရက်၊ ကျောက်စိမ်း၊ ကျွန်းနှင့် သစ်မာ အပါအဝင် အထူးကုန်စည် ၁၆ မျိုးကို ကျသင့်အခွန် ထမ်းဆောင်ခြင်း မရှိသော အထူး ကုန်စည်များ ဖမ်းဆီးရရှိရေး အတွက် သတင်းပေး တိုင်ကြားသူအား ရရှိသည့် ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

အလားတူ ကျသင့်အခွန် ထမ်းဆောင် ထားခြင်း မရှိသော အထူးကုန်စည် များကို ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့အား ဒဏ်ရိုက်၍ ရရှိသော ဒဏ်ငွေ၏ ၂ဝ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ချီးမြှင့် သွားမည် ဖြစ်သည်။

''ဥပဒေမှာ ပါတဲ့အတိုင်း အခွန် မထမ်းဆောင်တဲ့ အထူးကုန်ပစ္စည်း တွေကို သိမ်းမယ်။ သိမ်းဆည်း ရရှိတဲ့ ကုန်ပစ္စည်းတွေကို အထူး ကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) အရ ၁ဝဝ ရာခိုင်နှုန်း ဒဏ်ရိုက် သွားမှာပါ။ 

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အထူးကုန်စည် ဆိုရင်တော့ ထုတ်လုပ် ရောင်းချသူကို ကုန်စည် တန်ဖိုးရဲ့ ၅ဝ ရာခိုင်နှုန်း ဒဏ်ရိုက် သွားမယ်။ ရရှိတဲ့ ဒဏ်ငွေထဲက ၁ဝ ရာခိုင်နှုန်း ကို သတင်းပေး တိုင်ကြားသူကို ပေးမှာဖြစ်ပြီး ၂ဝ ရာခိုင်နှုန်းကို ရှာဖွေ ဖမ်းဆီးပေးတဲ့ အဖွဲ့ကို ပေးသွားမှာပါ'' ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့် က ပြောသည်။

ကျသင့်အခွန် ပေးဆောင် ရာတွင် ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်း မပြုမီ ကျသင့် အကောက်ခွန်နှင့် အတူ ပေးဆောင်ရမည် ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်း ဖြစ်ပါက ရောင်းချသည့်လ ကုန်ဆုံးပြီး ၁ဝ ရက်အတွင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

''အထူးကုန်စည်နဲ့ ပတ်သက်ပြီး အခွန် မဆောင်တဲ့ ကုန်ပစ္စည်း တွေကို အရေးယူဖို့ စည်းမျဉ်း စည်းကမ်းတွေ၊ ဖမ်းဆီးမယ့် အဖွဲ့တွေရဲ့ လုပ်ဆောင်မယ့် အစီအစဉ် တွေကို ရေးဆွဲနေတုန်း ပဲ ရှိသေးတယ်။ လက်ရှိမှာတော့ ကုန်သွယ်ခွန် ထမ်းဆောင် တာနဲ့ ပတ်သက်ပြီး စားသောက်ဆိုင် တွေကို အရေးယူ နေပါတယ်။ သတင်းပေး တိုင်ကြားသူတွေ ကိုတော့ ဆုကြေးအဖြစ် ၁ဝ ရာခိုင်နှုန်း ချီးမြှင့်ပေး နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၆ ခုနှစ် အကောက်ခွန် ဥပဒေသစ်တွင် အထူးကုန်စည် အမျိုးအစား ၁၆ မျိုးပါဝင်ပြီး ယင်း အမျိုးအစားများ တွင် စီးကရက် အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ ၁ဝ လက်မ ပတ်လည်နှင့် အထက် ကျွန်းနှင့်သစ်မာ သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် တခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ၊ အချောထည် များနှင့် လက်ဝတ် ရတနာများ၊ Double Cab 4 Door Pickup မှအပ ၁၈ဝဝ စီစီ အထက် ဗင်ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီနှင့် သဘာဝ ဓာတ်ငွေ့များ ပါဝင်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment