Pages

Friday, February 26, 2016

မတော်တဆလဲကျပါက ပြန်လည် မတ်တတ်ရပ်နိုင်သော သံစက်ရုပ်သစ်တစ်မျိုး Google ကထုတ်လုပ်



ဝါရှင်တန် ၊ ၂၆-၂-၂၀၁၆

မတော်တဆ လဲကျသွားသည့်အခါ  ခြေ၊လက်များကို အသုံးပြု၍  ပြန်လည် မတ်တတ်ရပ်နိုင် သည်အထိ လူသားတစ်ဦး ကဲ့သို့  စွမ်းဆောင်ရည် များစွာရှိသော သံစက်ရုပ် တစ်မျိုးကို အမေရိကန်နိုင်ငံ Google စက်မှု လုပ်ငန်းကြီးက တီထွင်ထုတ်လုပ် ပေးလိုက်ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပနေသော Robolymics သံစက်ရုပ် အားကစား ပွဲတော်ကြီးတွင် စက်ရုပ်၏ ပြေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် လဲကျပြီး ပြန်ထနိုင်ခြင်း ပြကွက်များကို ပြသခဲ့သည်။ 

၎င်း သံစက်ရုပ်သည် အိမ်တွင်း၊ အိမ်ပြင် အသုံးပြုနိုင်ရုံ သာမက သွားလာရန် ခက်ခဲသော အနေအထားရှိသည့် နေရာများတွင်ပါ ဟန်ချက်ညီညီ  ထိန်းသိမ်းသွားလာ လှုပ်ရှားနိုင်စွမ်း ရှိသည်။ Atlas သံစက်ရုပ်ဟု အမည်ပေး ထားပြီး လက်နှစ်ဖက်မှ အလေးအပင် ပစ္စည်းများကို မယူ သယ်ဆောင် နိုင်စွမ်းရှိသည်။ 

လျှပ်စစ်စွမ်းအား နှင့် ဟိုက်ဒရောလစ် ပါဝါတို့ကို  သူ့နေရာနှင့်သူ သံစက်ရုပ်၏ ခန္ဓာကိုယ် အစိတ်အပိုင်း များတွင် တပ်ဆင်ထားရှိသည်။ အမြင်အာရုံ၊ အကြားအာရုံ များကို ခန္ဓာကိုယ်နှင့် ခြေထောက်များတွင် တပ်ဆင် ပေးထား၍ အတားအဆီး၊ အခက်အခဲ နေရာများကို  ဦးခေါင်းတွင် တပ်ဆင်ထားသော အာရုံခံ ကိရိယာများ၏ အကူအညီဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်စွမ်း ရှိကြောင်း ပြသနိုင်ခဲ့သည်။ Atlas သံစက်ရုပ်သည် အမြင့် ငါးပေကိုးလက်မ ရှိပြီး အလေးချိန် ပေါင် ၁၈ဝ ရှိသည်။ 

ပြီးခဲ့သောနှစ်က ကမ္ဘာ့သံစက်ရုပ် အိုလံပစ်ပွဲတွင် ကမ္ဘာကြီး၏နောက်ဆုံးပေါ်ထုတ်လုပ်ခဲ့ကြသော သံစက်ရုပ်များ၏  စွမ်းရည်များကို လူအများ ရှုမြင်ခဲ့ကြရပြီးဖြစ်သော်လည်း ထိုစဉ်က သံစက်ရုပ်များသည် လဲကျသွားပါက မိမိခန္ဓာကိုယ်ကို ပြန်လည်ထိန်း၍ မတ်တတ်ရပ်နိုင်စွမ်းမရှိသေးကြောင်း သိရသည်။ ယနေ့ Atlasသံစက်ရုပ်က ၄င်းအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် သံစက်ရုပ်ထုတ်လုပ်ခဲ့သော အလုပ်ရုံပေါင်း၂၅ခုတို့က ၄င်းတို့၏သံစက်ရုပ်များကိုပြသကာ ပြိုင်ပွဲဝင်ခဲ့ကြရာ အထူးချွန်ဆုံး သံစက်ရုပ်ကို ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ ၃ဒသမ၅ သန်း  ချီးမြှင့်ခဲ့ကြောင်း သိရသည်။ သံစက်ရုပ်များကို သဘာဝဘေးအန္တရာယ်ကြီးများနှင့်ကြုံတွေ့စဉ်ကာလတွင် အဆိုပါနေရာဒေသများ၌  ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။

No comments:

Post a Comment