Pages

Monday, February 29, 2016

မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၌ လာမည့် ဒီဇင်ဘာလမှစ၍ ထိုင်းဘာသာစကား သင်တန်းတစ်ခု တိုးချဲ့ သင်ကြားပေးမည်


မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

မန္တလေး ၊ ၂၉-၂-၂၀၁၆

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လာမည့် ဒီဇင်ဘာလမှ စ၍ ထိုင်းဘာသာ စကား သင်တန်းသစ် တစ်ခုကို ထပ်မံတိုးချဲ့ သင်ကြားပေး သွားမည် ဖြစ်ကြောင်း မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ တင့်တင့် ထံမှ သိရသည်။

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် သင်ကြားရေး ဌာနများ ဖြစ်ကြသည့် မြန်မာ၊ အင်္ဂလိပ်၊ ဒဿနိကဗေဒ၊ သမိုင်း၊ ဘာသာဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာ၊ အရှေ့တိုင်းပညာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယား ဘာသာနှင့် ရုရှားဘာသာ ဌာနဟူသည့် ဘာသာရပ် ၁၃ ဌာနရှိပြီး အထူးပြု ဘာသာရပ်များ အဖြစ် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ နှင့် ရုရှားဘာသာ ဟူသည့် အထူးပြု ဘာသာရပ် ရှစ်ခုတို့ကို သင်ကြား ပေးလျက်ရှိရာ လာမည့် ဒီဇင်ဘာလ မှစ၍ ထိုင်းဘာသာ စကားသင်တန်း ကို ထပ်မံတိုးချဲ့ သင်ကြား ပေးသွားမည် ဖြစ်သည်။

''မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ အစီအစဉ် နှစ်မျိုးနဲ့ သင်ကြားပေး နေပါတယ်။ အဲဒါတွေက ပုံမှန်အစီအစဉ်နဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ဆိုပြီး သင်ကြားပေး နေပါတယ်။ ပုံမှန် အစီအစဉ် ဆိုတာက နေ့သင်တန်းကို ပြောတာပါ။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ် ဆိုတာက ညနေနဲ့ စနေ၊ တနင်္ဂနွေမှာ ဘွဲ့ကြိုနဲ့ ဘွဲ့လွန် သင်တန်းသား တွေအတွက် သင်ကြားပေးတဲ့ အစီအစဉ်ပါ။

လာမယ့် ဒီဇင်ဘာလမှာ စဖွင့်မယ့် ထိုင်းဘာသာစကား သင်တန်းကိုလဲ ပုံမှန်အစီအစဉ် အနေနဲ့ ဘွဲ့ကြို သင်တန်းနဲ့ ဘွဲ့လွန် သင်တန်း နှစ်မျိုးလုံးကို သင်ကြား ပေးသွားမှာပါ။ ပုံမှန်သင်တန်း ဖြစ်တဲ့ ဝိဇ္ဇာဘွဲ့ကြို သင်တန်းက လေးနှစ်တာ ကာလဖြစ်ပြီး ဘွဲ့လွန်သင်တန်း က နှစ်နှစ်တာကာလ အချိန်ပြည့် တက်ရောက် သင်ကြားရမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လက်ရှိသင်ကြား ပို့ချလျက် ရှိသော ဆရာ၊ ဆရာမ ၁၄၇ ဦးရှိပြီး ထပ်မံတိုးချဲ့ သင်ကြားပေးမည့် ထိုင်းဘာသာ စကား (ဝိဇ္ဇာဘွဲ့ကြို) အတွက် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅ဝ လက်ခံ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် မှ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူ ၃၉၁ ဦးကို သင်တန်းဆင်း လက်မှတ်ပေးပြီး ဖြစ်ကာ လက်ရှိ မြန်မာဘာသာ စကားကို တက်ရောက် သင်ကြားနေသည့် နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူ ၇၆ ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment