Pages

Thursday, February 25, 2016

မန္တလေးမြို့တွင်း၌ ရေဆိုးကန်စနစ် အသုံးပြုမှု အနည်းငယ်သာရှိပြီး မြို့လူထု တစ်သန်းကျော်အတွက် ရေဆိုးသန့်စင်သည့် စနစ်မရှိသေး



မန္တလေး ၊ ၂၅-၂-၂၀၁၆

မန္တလေးမြို့တွင်း၌ လူနေထိုင်သော အချို့တိုက်အိမ် အဆောက်အအုံ များတွင် တည်ဆောက် ထားသော ရေဆိုးကန်စနစ် အသုံးပြုမှု အနည်းငယ်သာ ရှိပြီး မြို့နေ လူထု တစ်သန်းကျော် အတွက် ရေဆိုး သန့်စင်သည့် စနစ်မရှိကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ လေ့လာချက် များအရ သိရသည်။

ယခုအချိန်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရက မန္တလေးမြို့ ဖွံ့ဖြိုး တိုးတက်ရေး၊ အစိမ်းရောင် မန္တလေးမြို့တော် အဖြစ် တည်ဆောက်ရေး အတွက် မြို့ပြ ဝန်ဆောင်မှု အဆင့် မြှင့်တင်ရေး လုပ်ငန်း စီမံကိန်းများ ကို နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော မြို့ပြ ဝန်ဆောင်မှု အဆင့် မြှင့်တင်ရေး စီမံချက်၏ အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်သည့် ရေဆိုး စွန့်ထုတ်ခြင်း လုပ်ငန်းကို ဦးတည် လေ့လာနေသော ပညာရှင်များက မန္တလေးမြို့ရှိ သင်္ဂဇာချောင်း သည် အမှိုက်များ စွန့်ပစ်ရာ၊ ရေဆိုးများ စုဆောင်းရာ၊ မိလ္လာရည်များ စီးဝင်ရာ နေရာတစ်ခု ဖြစ်ကြောင်း လေ့လာတွေ့ရှိ ထားသည်ကို ADB ၏ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ ရေဆိုးများ အတွင်း၌ ဇီဝ အောက်ဆီဂျင် လိုအပ်မှု မြင့်မားရုံ သာမက အဆိပ်သင့် စေသော ဓာတ်သတ္တု များလည်း ပါဝင်နေကြောင်း၊ ၄င်း ရေဆိုးရေညစ် များ၏ အကျိုး သက်ရောက်မှု ကြောင့် လက်ရှိ ရေဆိုးကန် အချို့နေရာ များတွင် စိမ့်ထွက်ကာ ရေအရင်းအမြစ် များကိုပါ ညစ်ညမ်းမှု ဖြစ်ပေါ်ေ စကြောင်း ပညာရှင်များ၏ လေ့လာချက် များအရ သိရသည်။

''ပတ်ဝန်းကျင် ကောင်းမွန်စေမယ့် ဝန်ဆောင်မှု စနစ်တွေ မရှိဘူးဆိုရင် ကျန်းမာရေး ထိခိုက်မယ်။ စိမ်းလန်းတဲ့ မန္တလေးမြို့ ဖြစ်ဖို့ ပတ်ဝန်းကျင် ကောင်းအောင် ဝန်ဆောင်မှု ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခရီးသွား ဧည့်သည်တွေ၊ စက်ရုံအလုပ်ရုံ နဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေကို တိုးမြှင့် ဝင်ရောက်လာမှာ ဖြစ်ပါတယ် '' ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ အဆိုပါစီမံချက် တာဝန်ခံ မစ္စတာ ဂေရီပွား က ပြောပြသည်။

သင်္ဂဇာချောင်းကို ဆယ်ယူ ပြုပြင်ခြင်းသည် စီမံချက်၏ အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ ပထမဦးဆုံး ရေဆိုးသန့်စင်မှု စနစ်ကို တပ်ဆင်ပြီး ချောင်းရေကို သန့်စင်ရန် လိုအပ်ကြောင်း၊ သို့မှသာ ချောင်း ပတ်ဝန်းကျင် သာယာလှပပြီး လူထု၏ ကျန်းမာမှု အဆင့်အတန်း လည်း မြင့်မားလာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၏ တောင်ဘက်ရှိ စက်မှုဇုန်ထွက် ရေဆိုးများ ကလည်း ရေနုတ်မြောင်း များကိုပါ ညစ်ညမ်း စေသဖြင့် ပြုပြင်ရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment