Pages

Thursday, February 25, 2016

ပြည်တွင်းရော်ဘာများ၏ ဈေးကွက်သစ်ဖြစ်လာသော ဂျပန်နိုင်ငံမှ ၀ယ်ယူမှုများ ရှိလာပြီး တန်ချိန် ၆၀၀၀ နီးပါး တင်ပို့ပြီးဖြစ်



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို ဈေးကွက်သစ် အဖြစ် ဂျပန်နိုင်ငံမှ ဝယ်ယူမှုများ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောသည်။

''အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်း စတင် အကောင်အထည် ဖော်ပြီးတဲ့ နောက်ပိုင်းမှာ ဂျပန်နိုင်ငံကို ရော်ဘာ တင်ပို့မှု တန်ချိန် ၆ဝဝဝ နီးပါး တင်ပို့နိုင်ပြီ ဖြစ်ပါတယ်။ ရော်ဘာခြံငယ် ပိုင်ရှင်တွေ အနေနဲ့လည်း နည်း စနစ်တကျနဲ့ အရည်အသွေး မီတဲ့ ရော်ဘာတွေ ထုတ်လုပ် လာနိုင်မယ် ဆိုရင် ဂျပန်နိုင်ငံက ဝယ်ယူမှု ပိုများ လာနိုင်တယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးနေသော ရော်ဘာမျိုး များသည် မျိုးကောင်း မျိုးသန့်များ မဟုတ်သည့် အပြင် ရော်ဘာ ထုတ်လုပ်မှု အရည်အသွေး နိမ့်ကျခြင်း ကြောင့် မြန်မာ့ ရော်ဘာဈေးမှာ ကမ္ဘာ့ရော်ဘာ ဈေးနှင့် အမေရိကန် ဒေါ်လာ ၃ဝဝ ခန့် ဈေးကွာ နေကြောင်း သိရသည်။

ထို့ကြောင့် ရော်ဘာစမ်းသပ် စစ်ဆေးမည့် ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန် ဂျပန်နိုင်ငံမှ NGO အဖွဲ့အစည်း တစ်ခုနှင့် မြန်မာနိုင်ငံ ရော်ဘာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းတို့မှ သဘော တူညီမှုစာချုပ် (MoU) လက်မှတ် ရေးထိုးထားကြောင်း သိရသည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ရော်ဘာ အထွက်နှုန်း တန်ချိန် ၁၆ဝဝဝဝ ခန့် ထွက်ရှိနိုင်ရန် ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာ ထုတ်လုပ် ရောင်းဝယ် သူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ရော်ဘာ စိုက်ပျိုးမှု ဧကတစ်သန်းခွဲ ကျော်ရှိနေကာ ပြည်တွင်းမှ ထွက်ရှိသော ရော် ဘာ များကို တရုတ်နိုင်ငံ မှ ၇ဝ ရာခိုင်နှုန်းခန့် ဝယ်ယူနေပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကျန် ၃ဝ ရာခိုင်နှုန်း ကို ဝယ်ယူကြခြင်း ဖြစ်သည်။

လက်ရှိ ဂျပန်နိုင်ငံသို့ တင်ပို့ နေရပြီး ဂျာမနီနှင့် ဗီယက်နမ်နိုင်ငံ တို့မှ တင်ပို့ရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ရော်ဘာ အရည်အသွေး ရှိလာရန်နှင့် မှာယူသည့် တန်ချိန်အတိုင်း ပေးပို့ရန် အခက်အခဲ ရှိသဖြင့် လတ်တလော တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ရော်ဘာလုပ်ငန်း အသိုင်းအဝိုင်း မှ သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment