Pages

Thursday, February 25, 2016

ဥရောပနိုင်ငံများသို့ ယခုနှစ်တွင် ပဲတီစိမ်းတန်ချိန် တစ်သောင်းခွဲမှ နှစ်သောင်းကြား တင်ပို့ရောင်းချနိုင်ရန် မျှော်မှန်းထား



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ပဲတီစိမ်းကို ဥရောပနိုင်ငံ များမှ ဝယ်ယူလျက်ရှိရာ ယခုနှစ်တွင် ပြီးခဲ့သည့်နှစ် ကထက် နှစ်ဆပိုမိုတင်ပို့ ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း ပဲမျိုးစုံပို့ကုန် လုပ်ငန်းရှင် အသိုင်းအဝိုင်း မှ သုံးသပ် ထားသည်။

ပဲတီစိမ်းကို ၂ဝ၁၄ ခုနှစ်တွင် ဥရောပ နိုင်ငံများသို့ တန်ချိန် ၅ဝဝဝ မှ စတင် ရောင်းချနိုင်ခဲ့ကာ ၂ဝ၁၅ ခုနှစ်တွင် တန်ချိန် ၈ဝဝဝ ရောင်းချ နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ချိန် တစ်သောင်းခွဲမှ နှစ်သောင်း အကြား ရောင်းချနိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံပဲနှင့် နှမ်းလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

''ဥရောပနိုင်ငံ တွေက ပဲခူးတိုင်း ဒေသကြီး နဲ့ ရန်ကုန်တိုင်း ဒေသကြီး ခရမ်း၊ သုံးခွက ထွက်တဲ့ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကို အဓိကထား ဝယ်ယူနေတာ ဖြစ်ပြီး တရုတ်၊ အိန္ဒိယ နိုင်ငံတွေ နဲ့ ဒေသတွင်း နိုင် ငံတွေက ပေးတဲ့ ဈေးနှုန်းထက် ဥရောပနိုင်ငံ တွေက တစ်တန်ကို အမေရိကန် ဒေါ်လာ၂ဝဝ လောက် ပိုပေးတယ်။ ဥရောပနိုင်ငံ တွေက ဝယ်ယူတဲ့အခါ ပဲအရည်အသွေး၊ သိုလှောင်ရုံ စနစ်၊ ပဲစိုက်ပျိုးတဲ့ မြေအရည်အသွေး နဲ့ ပဲအရွယ်အစားတွေ ကို အရည်အသွေး ပြည့်မီမှုရှိ၊ မရှိ စစ်ဆေး အကဲဖြတ် တာတွေ ရှိနေတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံမှ ဝယ်ယူသည့် ပဲတီစိမ်းကို အပင်ဖောက်၍ အစိမ်းသုပ် စားသုံးခြင်း ဖြစ်ပြီး လက်ရှိတွင် ပဲတီစိမ်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄ဝဝ ဝန်းကျင် ဈေးပေါက်ကာ ဥရောပနိုင်ငံ များမှ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၆ဝဝ ဖြင့် ဝယ်ယူလျက် ရှိကြောင်း သိရသည်။

ဥရောပ ဈေးကွက်သည် နိုင်ငံတကာ ဈေးကွက်နှင့် ယှဉ်ပါက ဈေးနှုန်းပိုမို ရရှိနေခြင်းကြောင့် ပဲစိုက်တောင် သူ များနှင့် ချိတ်ဆက်၍ သတ်မှတ်စံနှုန်း အတိုင်း ဖြစ်စေရန် စိုက်ခင်းထဲ ဆင်းကာ အသိပညာ ဖြန့်ဝေမှုများ
ဆောင်ရွက်လျက် ရှိပြီး ထုတ်ကုန်တိုးမြှင့် တင်ပို့ရန် ရည်ရွယ် ဆောင်ရွက် ထားကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို က ပြောသည်။

ယခုနှစ်အတွက် ပဲတီစိမ်း စိုက်ပျိုးခြင်းကို ခရမ်း၊ သုံးခွဘက်မှ တောင်သူများ အနေဖြင့် ပုံမှန်စိုက်ပျိုးမှု ရှိသော်လည်း ပဲခူးတိုင်း ဒေသကြီး၌ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုးမွှားအန္တရာယ် ကျရောက်မည် စိုးသဖြင့် အနည်းငယ် သာ စိုက်ပျိုးရန် လျာထားကြောင်း ပဲစိုက်တောင်သူများ ထံမှ သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment