Pages

Monday, February 22, 2016

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု တိုင်းတာရာတွင် ဒြပ်စင် ၁၁ မျိုးတိုင်းတာမှု ရလဒ်များကို ဧပြီဒုတိယပတ်တွင် ထုတ်ပြန်ပေးမည်


ရန်ကုန် ၊ ၂၂-၂-၂၀၁၆

ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှုကို တိုင်းတာရာတွင် ရွေးချယ် ထားသည့် နေရာ ၆၄ နေရာမှ ၄၂ နေရာ တိုင်းတာပြီးစီး သွားပြီဖြစ်ပြီး ၂၂ နေရာသာ တိုင်းတာရန် ကျန်ရှိကာ ယင်းတို့မှာ မင်္ဂလာဒုံ စစ်သင်္ချိုင်း၊ မင်္ဂလာဒုံ ဥယျာဉ် မြို့တော်၊ ငမိုးရိပ် ရေလှောင်တမံ၊ ခရေပင် လမ်းခွဲ၊ မာလာဆောင် အနီး၊ လှိုင်သာယာ၊ ကျိုက်ဝိုင်းလမ်းဆုံ၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ FMI ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံတက္ကသိုလ်နှင့် စိတ်ကျန်းမာရေး ဆေးရုံစသည်တို့ ဖြစ်ကြောင်း၊ လေထု ညစ်ညမ်းမှု တိုင်းတာမှု စစ်တမ်းတွင် ဒြပ်စင် ၁၁ မျိုးကို တိုင်းတာခဲ့ပြီး တိုင်းတာရန် ကျန်ရှိသော နေရာ များကို ထပ်မံ တိုင်းတာ၍ ယင်းရလဒ်များ ကို ဧပြီဒုတိယပတ် တွင် ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

အဆိုပါ တိုင်းတာချက် အရ ယာဉ်အသွားအလာ များသည့် နေရာများ၌ အမှုန်အမွှား များပြီး ကာဗွန်ဒိုင် အောက်ဆိုက် ဒြပ်စင် ပိုမိုများ နေကြောင်း သိရသည်။

လေထု တိုင်းတာချက် အဖြေပေါ် မူတည်၍ ရှေ့လုပ်ငန်းစဉ် များအဖြစ် လေထု ညစ်ညမ်းေ သာ နေရာများနှင့် ကာဗွန်ဒိုင် အောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုက် များသော နေရာများတွင် စစ်ဆေးမှုများ ပြုလုပ်ကာ လူကို အန္တရာယ် ပြုနိုင်သည့် ဒြပ်စင်ကို လျှော့ချနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လေထု အတွင်းရှိ (CO2 ၊ CO ၊ CH4 ၊ NO2 ၊ SO2 ၊ PM2.5 ၊ PM10 ၊ Relative Humidity ၊ Wind Speed ၊ Wind Direction and Temperature) တို့ကို လေ့လာတိုင်းတာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေထု ညစ်ညမ်းမှုနှင့် ပတ်သက်၍ ဥပဒေများ ချမှတ်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန များသို့ ပေးပို့သွားမည် ဖြစ်သည်။

''ကျွန်တော်တို့ နိုင်ငံမှာ အခုထိ စံနှုန်းဆိုတာ မရှိသေးဘူး။ လေထု အရည်အသွေး စံနှုန်းဆိုတာ မရှိတော့ ဒီကနေ Initiative လုပ်တာပါ။ မြန်မာနိုင်ငံပိုင် လေထု အရည်အသွေး စံနှုန်း မရှိသေးပါဘူး'' ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်လွင် က ပြောသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သတ်မှတ် ထားသည့် Guide Line တွင် တစ်နှစ် ပတ်လုံး လေထု ညစ်ညမ်း စေသည့် ဒြပ်စင်ပါဝင်မှု ၅ဝ မိုက်ခရို ပါမီတာကျု သတ်မှတ်ထား သော်လည်း လက်ရှိ မြန်မာနိုင်ငံ လေထုအတွင်း ညစ်ညမ်းစေသည့် အမှုန်အမွှားများ ပါဝင်နေမှုသည် တချို့သော နေရာ များ၌ ၁ဝဝ-၂ဝဝ အကြားတွင် ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ လေထုတိုင်းတာမှု စံနှုန်း သတ်မှတ်ချက် ပေါ်ပေါက်မှ သာလျှင် နောင်လာ မည့် နှစ် အတွင်း လျှော့ချရန် နည်းလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ ၊ ၄၄၇

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment