Pages

Monday, February 1, 2016

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်မှု ဘတ်ဂျက်နှင့် ဆောင်ရွက်နေသော လုပ်ငန်းများ ဖေဖော်ဝါရီလတွင် ရပ်နားမည်


ရန်ကုန် ၊ ၁-၂-၂၀၁၆

မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ တစ်ခုဖြစ်သော သုဝဏ္ဏဘူမိ မြို့ဟောင်းကို ပြန်လည် တူးဖော်လျက် ရှိရာ လက်ရှိတွင် ဘတ်ဂျက်နှင့် ဆောင်ရွက်နေသော လုပ်ငန်းများ ဖေဖော်ဝါရီလ တွင် ရပ်နားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မြို့ဟောင်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တူးဖော်ခဲ့ရာ ဘုန်းကြီးကျောင်း၊ လူနေ အဆောက်အအုံဟု ယူဆရသည့် အဆောက်အအုံ များနှင့် အရိုးအိုးများကို တွေ့ရှိရပြီး ကျိုက်ထိုမြို့နယ် မလော့ချောင် ကျေးရွာရှိ ဘာသာရေး အဆောက်အအုံ ရှိသည်ဟု ယူဆရသော ကုန်းအား လတ်တလောတွင် တူးဖော်လျက် ရှိကြောင်း၊ တူးဖော်ပြီးသော မြို့ဟောင်းမြို့ရိုး များနှင့် ဘာသာရေး အဆောက်အအုံများ စသည်တို့ကို မိုးဒဏ်လေဒဏ် ခံနိုင်ရန် အမိုးအကာဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ တူးဖော်နေမှု လုပ်ငန်းများကို ဖေဖော်ဝါရီလတွင် ရပ်နားမည် ဖြစ်ကာ လာမည့်နှစ် ပွင့်လင်းရာသီတွင် ပြန်လည် တူးဖော်မည် ဖြစ်သည်။ ယင်း ဘီးလင်း မြို့နယ် ဝင်းကကျေးရွာရှိ ရှေးဟောင်း မြို့ရိုးဟောင်း တူးဖော်မှုကို ၁၉၇၅ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ကုန်းခြောက်ခုအား စတင်တူးဖော်ခဲ့ပြီး ယင်း တူးဖော်ပြီးသော ကုန်းများမှာ မိုးဒဏ်လေဒဏ် များကြောင့် ပျက်စီးခဲ့ရာ လက်ရှိတွင် ကုန်းနှစ်ကုန်းသာ ကျန်ရှိသည်။ ၂ဝ၁၄ ခုနှစ်မှသာ မြို့ရိုး တူးဖော်မှုကို ပြန်လည်စတင် ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၂ဝဝ ဖြင့် စတင် တူးဖော်ခဲ့ရာ ဘုရားစေတီ ပုထိုးဟုယူဆရသော အဆောက်အအုံများ၊ ဆင်းတုတော်များ၊ လက်ရေးစင်း ပါသော အုတ်ချပ်များ၊ မြို့ရိုးဟောင်းများ တည်ရှိရာ ကုန်းများကို တူးဖော် ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ သုဝဏ္ဏဘူမိ မြို့ဟောင်း သတ်မှတ်နိုင်ရန် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်း ၈ဝဝ နှင့် အလှူရှင် တစ်ဦးမှ လှူဒါန်းငွေ ကျပ်သိန်း ၃ဝဝ စုစုပေါင်း ကျပ်သိန်း ၁၁ဝဝ ကို အသုံးပြု၍ ဆက်လက်တူးဖော် ခဲ့သည်။ ယင်း တူးဖော်မှုတွင် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာ အနီးတစ်ဝိုက်ရှိ ရှေးဟောင်းကုန်း ခြောက်ခုနှင့် ကျိုက်ထိုမြို့နယ် မလော့ချောင် ကျေးရွာရှိ သာသနာရေး အဆောက်အအုံ ရှိသည်ဟု ယူဆရသော ကုန်းတစ်နေရာ စုစုပေါင်း ခုနစ်နေရာကို မြန်မာရှေးဟောင်း သုတေသန ပညာရှင်များ ခေါ်ယူကာ တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment