Pages

Monday, February 1, 2016

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT) အတွက် သင်တန်းသား ရွေးချယ်ရန်စီစဉ်


မူကြိုကလေးများအား ကွန်ပျူတာကိုယ်တွယ် အသုံးပြုပုံ လက်တွေ့သင်ကြားပြသပေးစဉ်

ရန်ကုန် ၊ ၁-၂-၂၀၁၆

လာမည့် ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် တတိယ အကြိမ်မြောက် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း (PPTT) အတွက် သင်တန်းသား ရွေးချယ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါသင်တန်းကို ယခုနှစ် ဇွန်လမှစ၍ သက်ဆိုင်ရာ ပညာရေး ကောလိပ်များ၌ စာတွေ့လေးလနှင့် လက်တွေ့နှစ်လ သင်တန်းကာလ ခြောက်လကြာ ဖွင့်လှစ် သင်ကြားမည် ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပါက သက်ဆိုင်ရာ မြို့နယ်များရှိ လစ်လပ် မူလတန်းပြနေရာ များ၌ ခန့်အပ်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

''လုပ်ငန်းခွင်အကြို သင်တန်းကာလ ခြောက်လမှာ လေးလက စာတွေ့နဲ့ ကျန်တဲ့နှစ်လက မူလတန်းကျောင်း တွေမှာ တန်းပြလက်တွေ့ ဆင်းရမယ်။ ပြီးရင် သူတို့ကို မူလတန်းပြဆရာ အဖြစ် ခန့်အပ်သွားမယ်။ ဒီသင်တန်း ဝင်ခွင့်ကို ဘွဲ့ရပညာရေး ရုံးဝန်ထမ်းတွေနဲ့ အခြေခံပညာ ကျောင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေပါ ဝင်ဖြေလို့ရတယ်'' ဟု အခြေခံပညာ ဦးစီးဌာန  မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းဝင်ခွင့် လျှောက်ထားသူ များသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး မိဘနှစ်ပါးစလုံး မြန်မာ နိုင်ငံသားများ ဖြစ်ရမည်။ လျှောက်ထားသူသည် ပြင်ပဘွဲ့ရ ဖြစ်ပါက အသက် ၃ဝ ပြည့်ရမည် ဖြစ်ပြီး ဝန်ထမ်းဖြစ် ပါက အသက် ၃၅ နှစ်ထက် မကြီးရဘဲ လုပ်သက် အနည်းဆုံး နှစ်နှစ်နှင့် သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုချက်ကိုပါ ပူးတွဲတင်ပြ ရမည်ဖြစ်သည်။

သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲ တွင် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတ ကို သက်ဆိုင်ရာ ခရိုင်အလိုက် ဖြေဆိုရမည် ဖြစ်ပြီး အောင်မြင်ပါက လူတွေ့ ဆက်လက် စစ်ဆေး၍ ရွေးချယ်မည် ဖြစ်သည်။

သင်တန်းဝင်ခွင့် လျှောက်ထား လိုသူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး များ၌ လျှောက်လွှာယူ၍ ပတ်စ်ပို့ ဓာတ်ပုံတစ်ပုံ၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ ကျန်းမာရေး ထောက်ခံစာများကို ပူးတွဲ၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment