Pages

Thursday, February 25, 2016

အမေရိကန် ၊ ရုရှားနှင့် သူပုန်တို့ သဘောတူညီထားကြသည့် ဆီးရီးယား အပစ်အခတ်ရပ်စဲရေး အောင်မြင်နိုင်ပါမည်လား



( ရှိန်းထက် )

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး အတွက် အမေရိကန် နှင့် ရုရှားတို့ နောက်တစ်ကြိမ် အချိန်သတ်မှတ် လိုက်ကြပြန်ပြီ ဖြစ်သည်။ ဖေဖော်ဝါရီ ၂၇ ရက် သန်းခေါင်ယံ အချိန် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ တရားဝင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က သဘောတူညီ ခဲ့သော ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေးမှာ လုံးဝ ကျိုးပျက်ခဲ့ ရသည်။ ထိုအချိန်က ဆီးရီးယား သမ္မတ အာဆတ် လည်း သဘောတူညီမှု မရှိခဲ့သလို သူပုန်တို့ ဘက်ကလည်း သဘောတူညီမှု မရှိခဲ့သောကြောင့် ထင်သလောက် ခရီးမရောက် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဆီးရီးယား သမ္မတ အာဆတ် ရော သူပုန်အဖွဲ့ပါ အပစ်အခတ် ရပ်စဲရေးကို သဘော တူညီကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ဖော် ပြောကြား ခဲ့သည်။ ထို့ကြောင့် ယခင်တစ်ကြိမ် ကထက် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုသည် ပိုမို အသက်ဝင်ကောင်း ဝင်လာနိုင်သည်။

အပစ်အခတ် ရပ်စဲမှုရရှိရန် အိုဘားမား နှင့်ပူတင် တို့ ဖုန်းဖြင့် အကြိတ်အနယ် ဆွေးနွေးခဲ့ သော်လည်း ပထမအကြိမ် သဘောတူညီချက် ပျက်စီးခဲ့ရသည်။ အပစ်အခတ် ရပ်စဲရေး အတွက် ရုရှားသည် အဓိက အရေးပါသူ ဖြစ်သည်။ ရုရှားသည် ဆီးရီးယားနယ်မြေ ထဲရှိ ISIS နှင့် အမေရိကန် ကျောထောက် နောက်ခံ ဆီးရီးယားသူပုန် တို့ကို တိုက်ခိုက်သည်။ အာဆတ်ကို လေတပ်အင်အား အပြည့် ဖြည့်ဆည်းပေးပြီး သူပုန်တို့ကို ဗုံးကြဲစေသည်။ ယခုလည်း အာဆတ်က အလက်ပိုမြို့ ကို ဗုံးကြဲ နေပြန်သည်။ အာဆတ်၏ မကြာမီက ဗုံးကြဲမှုကြောင့် နေ့စဉ် ပြည်သူ ရာနှင့်ချီ၍ သေဆုံးခဲ့ ရသည်။

ထို့ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပူတင် အား ဆီးရီးယား သမ္မတ အာဆတ် ကို ဖိအားပေးရန် သတိပေးခဲ့သည်။ အပစ်အခတ် ရပ်စဲရန် နီးလာသော်လည်း ရုရှားနှင့် အာဆတ် ကသာ ဗုံးကြဲမှုကို မရပ်လျှင် သဘော တူညီမှုများသည် နောက်တစ်ကြိမ် ပျက်ပြားပြီး စိတ်ပျက်စရာများ ထပ်မံဖြစ်ပေါ် လာလိမ့်မည်ဟု ကယ်ရီက ပူတင် ကို ရည်ညွှန်း၍ သတိပေးခဲ့သည်။ ပထမတစ်ကြိမ် ကတည်းက ရုရှားတို့ ဗုံးကြဲသည် ကတစ်မျိုး အာဆတ် အစိုးရက သူပုန်နှင့် ပြည်သူများကို ဗုံးကြဲသည်က တစ်ဖုံကြောင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်စီး ခဲ့ရခြင်း ဖြစ်သည်။

တစ်ချိန်တည်း မှာပင် အပစ်အခတ် ရပ်စဲရေး ကြေညာပြီးမှ တူရကီတွင် ဆော်ဒီက တိုက်လေယာဉ်များ လာချထားသည်။ ထို့ပြင် ကာတာနိုင်ငံ ကလည်း မြေပြင်တပ်ဖွဲ့များ ကို ဆီးရီးယားသို့ စေလွှတ်မည်ဟု ဆိုပြီး ဆော်ဒီ ကလည်း သူ့မြေပြင်တပ်ဖွဲ့ကို စေလွှတ်ရန် နောက်ဆုံးအဆင့် ဆွေးနွေးနေသည် ဟူသော ထုတ်ပြန်ချက် များကြောင့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေးသည် ပျက်စီးရန် ပိုမို အကြောင်းဖန် လာခဲ့သည်။
ဥရောပရောက် ဒုက္ခသည်များ

၅ နှစ်ကြာ ပြည်တွင်းစစ်၏ သားကောင်များ

အပစ်အခတ် ရပ်စဲရေးသည် သူပုန်များနှင့် ဆီးရီးယား အစိုးရကြား တွင်သာ အကျုံးဝင်မည် ဖြစ်ပြီး ISIS နှင့် အယ်လ်ကိုင်ဒါ အနွယ်ဝင် al-Nusra တပ်ဦးအဖွဲ့ များကို တိုက်ခိုက်ရေးမှာ အကျိုး သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ISIS တို့နှင့် al-Nusra တပ်ဦး စစ်သွေးကြွ များကို ရုရှားရော သူပုန်ပါ အမေရိကန်တို့က ဆက်လက်တိုက်ခိုက် နေဦးမည်ဖြစ်သည်။ သို့သော်လည်း တူရကီက ဆီးရီးယားထဲရှိ ကာ့ဒ်တို့ကို အပစ်အခတ် ရပ်စဲရေး သဘောတူညီ ထားသော်လည်း ဆက်လက် တိုက်ခိုက်ဦးမည် ဆိုသောကြောင့် ရုရှားနှင့် ထိပ်တိုက် တွေ့နိုင်သည်။

ထိုအချက်သည် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး တစ်ဖန်ပျက်စီးရန် အကြောင်းဖန် လာနိုင်သေးသည်။ အာဆတ်ကလည်း သူ့နယ်မြေထဲသို့ ဝင်ရောက် လာသည့် မည်သူ့ကိုမဆို ခေါင်းတလား နှင့် အလောင်းသာ လာသယ် သွားရမည်ဟု ကြွေးကြော်ထား သောကြောင့် ရုရှား၏ တိုက်လေယာဉ် ကိုလည်း ပစ်ချထားသော တူရကီသာ အကယ်၍ ဆီးရီးယားနယ်မြေ ထဲသို့ ပြောင်ပြောင် တင်းတင်းဝင်ရောက် လာခဲ့လျှင် အာဆတ် နှင့်ရော ရုရှားနှင့် ပါ ထိပ်တိုက်တွေ့ပြီး ပြဿနာများ ပိုမိုကြီးထွား လာနိုင်သည်။

တူရကီက ကာ့ဒ်တို့ကို စစ်သွေးကြွ များဟု သတ်မှတ်ကာ တစ်ချိန်လုံး ဗုံးကြဲနေသူ ဖြစ်သည်။ ကာ့ဒ် တို့သည် တူရကီအစိုးရ နှင့် နယ်မြေလု ပြိုင်ဘက်များ ဖြစ်သည်။ တူရကီ၌ အာဒိုဂန် သမ္မတ ဖြစ်သောအခါ ကာ့ဒ်တို့ကို နယ်မြေ မပေးလို သောကြောင့် အကြမ်းဖက် သမား ခေါင်းစဉ်တပ်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ အကယ်၍ အမေရိကန်သာ တူရကီကို မထိန်းနိုင်ပါက ဆီးရီးယား အပစ်အခတ် ရပ်စဲရေးသည် နောက်တစ်ကြိမ် လည်း ပျက်စီး သွားနိုင်သည်။

ဆီးရီးယား အပစ်အခတ်ရပ်စဲရေး ဟု ဆိုသော်လည်း တကယ်တမ်း နောက်ကွယ်က ကြိုးကိုင် နေသူများမှာ အမေရိကန် နှင့် ရုရှားတို့သာ ဖြစ်သည်။ ထို ဆွေးနွေးပွဲကို  အကောင်အထည် ဖော်နိုင်ရန် ပူတင်နှင့် အိုဘားမားတို့ သာ အဓိကဖြစ်သည်။ အာဆတ် သည် ရုရှားသာ ရောက်မလာခဲ့ပါက ယခုအချိန် ဆိုလျှင် အင်အားချည့်နဲ့ နေနိုင်သည်။ ISIS တို့ကတစ်ဖက်၊ al-Nusra တပ်ဦးတို့က တစ်ဖက်၊ သူပုန်တို့က တစ်ဖက်နှင့် အာဆတ် သည် တစ်ပြိုင်တည်း ရန်သူတော်ကြီး သုံးဦးကို တိုက်ခိုက် နေရသည်။

သို့သော်လည်း ရုရှားဝင်လာသည့် လေးလခန့် အချိန်မှာပင် အာဆတ် ကံကြမ္မာ အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့သည်။ ယခင်က သူပင် ပြုတ်မကျရေး မနည်း ကြိုးပမ်းနေရသည့် အာဆတ်သည် ရုရှား ဝင်လာသည့်
လေးလမှာပင် ဆီးရီးယား တစ်နိုင်ငံလုံးကို ပြန်သိမ်းမည် ဟု ကြုံးဝါးလာနိုင် ခဲ့သည်။ အာဆတ် ကလည်း တစ်နိုင်ငံလုံးကို ဗုံးကြဲသည်။ ရုရှားကလည်း တစ်နိုင်ငံလုံးကို ဗုံးကြဲသည်။ ရုရှား ဝင်လာသည့် လေးလမှာပင် သေဆုံးခဲ့သော ပြည်သူဦးရေ ၁၂ဝဝ ကျော်ရှိခဲ့သည်။ သို့သော် လည်း ပူတင်နှင့် အာဆတ်မှာ ၄င်းတို့ ဗုံးဒဏ်ကြောင့် ပြည်သူများ သေဆုံးရသည် ဟူသည့် စွပ်စွဲချက်ကို လုံးဝ ငြင်းဆန်ထားသည်။

ငါးနှစ်နီးပါး ကြာလာပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်း စစ်ပွဲကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၇ဝဝဝဝ ကျော်ရှိပြီ ဖြစ်သည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သည့် ၂၅ဝဝဝဝ စာရင်းထက် နှစ်ဆနီးပါး ပိုများနေခြင်း ဖြစ်သည်။ ပြည်ပသို့ ရွှေ့ပြောင်း ထွက်ပြေးသူ လေးသန်းကျော်နှင့် နေရပ်စွန့်ခွာသူ ဆယ်သန်းကျော် သွားပြီဖြစ်သည့် ငါးနှစ်နီးပါး ပြည်တွင်းစစ်သည် ယခု အတိုင်းသာ ဆက်သွားလျှင် သေဆုံး သူ အရေအတွက်ရော ပြောင်းရွှေ့ ထွက်ပြေးရသူ အရေအတွက်ပါ ဒီရေအလား ဆက်လက် တိုးတက်လာမည် ဖြစ်သည်။ ထို့ပြင် ဥရောပ ကိုလည်း ဆီးရီးယား အပစ်အခတ် မရပ်စဲလျှင် ယခုထက် ပိုမိုဆိုးရွားသွား စေနိုင်သည်။

ထို့ကြောင့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး ရရှိရန် ဆီးရီးယားအပြစ်မဲ့ပြည်သူ များအတွက်ရော ဥရောပ အတွက်ပါ လွန်စွာ အရေးပါသော အချိန်ဖြစ်သည်။ မဖြစ်မနေ ရရှိရေး ဆောင်ရွက်ရန် မှာလည်း တာဝန်ရှိ
လာနေသည်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရန် နှင့် သဘော တူညီချက် အောင်မြင် ရန် မျှော်လင့်ချက် ရောင်ခြည်မှာ နည်းပါး နေသေးသည်။ တစ်ဇွတ်ထိုး လုပ်တတ်သော ရုရှားနှင့် အာဏာရှင် အာဆတ် တို့ကြောင့် အပစ်အခတ် ရပ်စဲရေးသည် မထင်မှတ်သော အလှည့်အပြောင်း များနှင့် ကြုံနိုင်သေးသည်။ အဓိကအကျဆုံး အခြေခံ အကြောင်းအရာမှာ အာဆတ် က သူပုန်နှင့် ပြည်သူများကို ဆက်လက် ဗုံးမကြဲရေး ဖြစ်သည်။ ပူတင် အနေဖြင့်လည်း အာဆတ်ကို ဆက်လက် ဗုံးမကြဲစေရန် ဖိအားပေးပြီး ထိန်းသိမ်းနိုင်ရန် ဖြစ်သည်။

ထို့ကြောင့် ပူတင်ကသာ အာဆတ်ကို ဗုံးမကြဲရန် ထိန်းသိမ်းနိုင်ပါက အမေရိကန်နှင့် သူပုန်တို့ကလည်း ပူတင်နှင့်အာဆတ် ကို ပိုမိုပျော့ပျောင်း သည့် နည်းလမ်းများနှင့် ချဉ်းကပ်နိုင်လျှင် ဒုတိယအကြိမ် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment