Pages

Thursday, January 14, 2016

USA Today သတင်းစာ၏ စာဖတ်ပရိသတ်များ ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး မြစ်တွင်းသွားအပန်းဖြေသင်္ဘောလိုင်း ၁၀ ခုတွင် ပန်တော် သင်္ဘောလိုင်းက အဆင့်(၉)နေရာတွင် ရပ်တည်



ရန်ကုန် ၊ ၁၄-၁-၂၀၁၆

အမေရိကန်သတင်းစာ USA Today စာဖတ်ပရိသတ်များက ရွေးချယ်သည့် ၂ဝ၁၅ ခုနှစ်အတွက် အကောင်းဆုံး မြစ်တွင်းသွား အပန်းဖြေ သင်္ဘောလိုင်း ၁ဝ ခုတွင် မြန်မာနိုင်ငံမှ သင်္ဘောလိုင်း တစ်ခုဖြစ်သော ပန်တော် သင်္ဘောလိုင်းသည် အဆင့်(၉) နေရာတွင် ရပ်တည်ကြောင်း သိရသည်။

USA Today စာဖတ်ပရိသတ် များသည် ကိုလိုနီခေတ် မြစ်တွင်းသွား သင်္ဘောပုံစံကို  အသုံးပြုထားသည့် ပန်တော် အပန်းဖြေသင်္ဘော များသည် မြန်မာ ၊ လာအို ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံ တို့ရှိ လူသူ အရောက်အပေါက် နည်းရာဒေသများ အထိ သွားလာနိုင်ပြီး အပျော်ခရီး ထွက်သည့်အခါ များတွင်လည်း အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောဆိုနိုင်သည့် ဒေသခံ လမ်းညွှန်များက အကောင်းဆုံး ကူညီပေး နိုင်ကြောင်း၊ သင်္ဘော အကျယ်အဝန်း၊ ဧည့်သည် အရေအတွက်နှင့် ဝန်ထမ်း အရေအတွက် အချိုးအစား ကိုလည်း ခြုံငုံ လုံလောက်အောင် စီစဉ်ထားကြောင်း USA Today တွင် ဖော်ပြထားသည်။

ထို့ပြင် အကောင်းဆုံး မြစ်တွင်းသွား အပန်းဖြေ သင်္ဘောလိုင်း ၁ဝ ခုတွင်ပါဝင်သော မြန်မာနိုင်ငံမှ ပန်တော် သင်္ဘောလိုင်းသည် မြန်မာနိုင်ငံ အတွင်းရှိ ဧရာဝတီ၊ ချင်းတွင်းမြစ် တို့အပြင် မဲခေါင်မြစ်တွင်း ခုတ်မောင်းကာ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ အထိ အစုန်အဆန် သွားလာလျက် ရှိကြောင်း သိရသည်။

USA Today သတင်းစာဖတ် ပရိသတ်များအား ၄င်းတို့သွားရောက်ဖူး ခဲ့သည့် ခရီးစဉ် အတွေ့အကြုံများကို အခြေခံ၍ အနှစ်သက်ဆုံး သင်္ဘောလိုင်းများကို ရက်သတ္တ လေးပတ်ကြာ မဲပေးခဲ့ပြီး သင်္ဘောလိုင်း ၂ဝ မျှရွေးထုတ် ခဲ့ကာ ထိုမှတစ်ဆင့် အကောင်းဆုံး မြစ်တွင်းသွား အပန်းဖြေသင်္ဘော လိုင်း ၁ဝ ခုကို ထပ်မံ ရွေးချယ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

USA Today သတင်းစာဖတ် ပရိသတ်များက ရွေးချယ်သည့် ၂ဝ၁၅ ခုနှစ်အတွက် အကောင်းဆုံး မြစ်တွင်းသွား အပန်းဖြေ သင်္ဘောလိုင်း စာရင်းတွင် အမေရိကန်နိုင်ငံ အခြေစိုက် သင်္ဘောကုမ္ပဏီ အများစုမှာ အရွေးချယ်ခံ ရပြီး အကောင်းဆုံး မြစ်တွင်းသွား သင်္ဘောလိုင်းအဖြစ် ဗိုက်ကင်း မြစ်တွင်းသွား ခရုစ်သင်္ဘော လိုင်းက ရပ်တည်နိုင်ခဲ့ကာ ဗိုက်ကင်း သင်္ဘောလိုင်းတွင် ရေယာဉ် အစင်းရေ ၅ဝ မျှပိုင်ဆိုင်ထားပြီး ဥရောပရှိ မြစ်ကြောင်းများ အပြင် အာရှတိုက်နှင့် အီဂျစ်နိုင်ငံတို့သို့ ခရီးစဉ်များ ရေးဆွဲထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment