Pages

Thursday, January 14, 2016

မြန်မာ့သစ်မွှေး ဒူဘိုင်းဈေးကွက် ချဲ့ထွင်နိုင်ရန် စတင်လုပ်ဆောင်



ရန်ကုန် ၊ ၁၄-၁-၂၀၁၆

လက်ရှိတွင် မြန်မာ့သစ်မွှေးအား ဒူဘိုင်း ဈေးကွက်သို့ စတင်နိုင်ရန် ခြေလှမ်း စနေပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသောင်းညွန့် က ပြောသည်။ ယခုအခါ မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းရုံးခွဲအား ဒူဘိုင်း၌ ဖွင့်လှစ်ထားပြီး မကြာမီ ဒူဘိုင်းဈေးကွက် ချဲ့ထွင်နိုင်ရေး လုပ်ငန်းများအား စတင်သွားမည် ဖြစ်သည်။

ဒူဘိုင်းနိုင်ငံ သည် မြန်မာ့သစ်မွှေး အဓိက ဝယ်ယူနေသည့် နိုင်ငံတစ်ခု ဖြစ်ပြီး မြန်မာ့ သစ်မွှေးကို ဒူဘိုင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့သို့ အဓိက ရောင်းချနေရသည့် အပြင် တရုတ်ဈေးကွက် တွင်လည်း နေရာရရှိ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော သစ်မွှေး ပစ္စည်းများအား ဒူဘိုင်း ကိုယ်စားလှယ်ရုံး ၌ထားရှိပြီး ဒူဘိုင်းမှ မြန်မာ့သစ်မွှေး ဝယ်ယူလိုသူများ အတွက် အဆင်ပြေစွာ ဝယ်ယူရရှိ နိုင်ရန် စီစဉ်ပေး သွားမည် ဖြစ်သည်။

လက်ရှိတွင် ဒူဘိုင်းဈေးကွက် အတွက် သစ်မွှေးအဆီအား အဓိက အရောင်းအဝယ် ရှိသော်လည်း သစ်မွှေးအဆီ အပြင် သစ်မွှေး အသားစများ တင်ပို့ခြင်း ကိုလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းမှ သစ်မွှေး စိုက်ပျိုးသူများ အဆင်ပြေ စေရေးနှင့် သစ်မွှေးလုပ်ငန်းများ ဖွံ့ဖြိုး လာစေရေး အတွက် ယခုကဲ့သို့ ပြည်ပဈေးကွက် မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင် နေခြင်း ဖြစ်သည်။ မြန်မာ့သစ်မွှေး ဈေးကွက် အနေဖြင့် လက်ရှိတွင် ဈေးနှုန်း မြင့်မား မှုကြောင့် ပြည်တွင်း၌ သုံးစွဲမှုနည်းပြီး ပြည်ပမှ ဝယ်ယူမှုသာ အားသာနေသည့် အနေအထား ဖြစ်သည်။

ပြည်ပဈေးကွက် အနေဖြင့် သစ်မွှေးအသားစ များကို အဓိကတင်ပို့ နေရပြီး တခြားသော ထုတ်ကုန်ပစ္စည်း များအဖြစ် ထုတ်လုပ်တင်ပို့ နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment