Pages

Thursday, January 14, 2016

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၁၅၀ ကို အခမဲ့ခွဲစိတ်ကုသပေးရန် စီစဉ်


ရန်ကုန် ၊ ၁၄-၁၁-၂၀၁၆

နိုင်ငံတစ်ဝန်းမှ အသက်လေးလမှ ငါးနှစ်အောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်ပေါင်း ၁၅ဝ ကို အခမဲ့ခွဲစိတ် ကုသပေးရန် စီစဉ်နေကြောင်း NewLook NewLife ရုပ်သစ်ဘဝသစ် ကုသိုလ်ဖြစ် ခွဲစိတ်အဖွဲ့မှ သိရသည်။

ယင်းအဖွဲ့မှ ဆေးရုံဆေးခန်း များနှင့် ချိတ်ဆက်ကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များအား ဆေးကုသစရိတ် ပံ့ပိုးပေးခြင်း၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး များနှင့် ချိတ်ဆက်ကာ ကူညီပေးခြင်းများ ပြုလုပ်ပေးလျက် ရှိပြီး ယင်းအဖွဲ့ကို လူမှုရေးကူညီရန် စိတ်အား ထက်သန်သည့် အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များဖြင့် ဖွဲ့စည်းထားသည်။

ထိုခွဲစိတ်မှု အစီအစဉ်တွင် နိုင်ငံတစ်ဝန်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာခံစား နေရသည့် ကလေးငယ် ၁၈ဝ ကို ပဏာမစစ်ဆေးခြင်း ပြုလုပ်ပြီး ထိုကလေးများ ထဲမှ ၁ဝဝ ကို စေတနာရှင် ခွဲစိတ်ဆရာဝန်၊ မေ့ဆေး ဆရာဝန်နှင့် သူနာပြုများဖြင့် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား မွေးကင်းစ အရွယ်မှစ၍ စနစ်တကျ မှတ်တမ်းတင်ကာ အဆင့်ဆင့် ကုသနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ လူနာရှင် မိဘများအား ရင်သွေးငယ် မွေးကင်းစမှစ၍ နှစ်သိမ့်ဆွေးနွေး လမ်းညွှန်မှုပေးခြင်း၊ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များ၏ အဓိက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်သော နို့ကောင်းစွာ မစို့နိုင်ခြင်း၊ နားပြည်ယိုခြင်း၊ စကားမပီသခြင်း၊ စိတ်အားငယ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်းခွဲစိတ်ကုသမှု ခံယူပြီးသော်လည်း စိတ်ကျေနပ်မှု မရှိခြင်းတို့ကို အခမဲ့ဆွေးနွေး လမ်းညွှန်ခွဲစိတ် ကုသပေးမည် ဖြစ်သည်။

NewLook NewLife ရုပ်သစ်ဘဝသစ် လူမှုကူညီမှုအဖွဲ့ ရုံးခန်းနှင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာသစ်များ လက်ခံရာဌာနကို မူလ ပင်လုံဆေးရုံ အပြင် ရွှေဗဟို ဆေးရုံ မြေညီထပ်တွင်လည်း တိုးချဲ့လက်ခံ ကုသပေးလျက် ရှိပြီး အသေးစိတ် သိရှိလိုပါက ရွှေဗဟိုဆေးရုံ မြေညီထပ် သမိန်ဗရမ်းလမ်း တာမွေမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment