Pages

Friday, January 8, 2016

ငွေဆောင်ကမ်းခြေဒေသ ရေရှည်ဖွံ့ဖြိုးရေး ပင်မစီမံကိန်းကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၈-၁-၂၀၁၆

ငွေဆောင်ကမ်းခြေ ဒေသ ရေရှည် ဖွံ့ဖြိုးရေးအတွက် ပင်မ စီမံကိန်းကို ပဏာမရေးဆွဲ ထားပြီး နောက်ပိုင်းတွင် နိုင်ငံတကာမှ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် က ပြောသည်။

ငွေဆောင်ကမ်းခြေ သို့ ပြည်တွင်းပြည်ပမှ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် အရေအတွက်မှာ ယမန်နှစ်ကထက် ၂ဝ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ယခုထက် ပိုမိုတိုးတက် လာစေရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သည်။

ငွေဆောင်ကမ်းခြေ သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းမှာ ယခုနှစ် နှစ်ကုန်ပိုင်းအထိ ၈ဝဝဝဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ် အလားတူ ကာလတွင် ၇ဝဝဝဝ ဝန်းကျင်ခန့်သာ ရှိသောကြောင့် ခရီး
သည် ဝင်ရောက်မှု နှုန်းမှာ ၁ဝဝဝဝ ကျော် တိုးတက်လာကြောင်း သိရသည်။ ယခုနှစ် နှစ်ဆန်းပိုင်း တွင်လည်း ခရီးသည်များ ပိုမိုဝင်ရောက် လာဖွယ်ရှိကြောင်း သိရသည်။

''ဒီနှစ်ထဲမှာ ခရီးသည်အဝင် တော်တော်လေးများ လာပါတယ်။ ဒီဇင်ဘာလတုန်း ကဆို ပြည်တွင်းကနေ လာတဲ့ခရီးသည်တွေ တော်တော်များတယ်။ ခရစ္စမတ်ပွဲတော် ကာလနဲ့ နှစ်သစ်ကူးအချိန် ကလည်း အများကြီး ဝင်ပါတယ်''ဟု ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment