Pages

Tuesday, January 12, 2016

ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ အယ်နီနို သက်ရောက်မှုရှိနိုင်



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

၂ဝ၁၅ ခုနှစ်သည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်ဖြစ်၍ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အယ်နီနို သက်ရောက်မှု ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ပြောသည်။

အဆိုပါ အင်အားပြင်း အယ်နီနို ဖြစ်စဉ်ကြောင့် မိုးဦးကာလအထိ သက်ရောက်မှု ရှိနိုင်ပြီး ရေရှားပါးမှု နှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ယင်းကာလတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်တို့၌ စိုက်ပျိုးရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်သဖြင့် စပါးအပါအဝင် သီးနှံစိုက်ခင်းများ ရေမပြတ်လပ် စေရန်နှင့် ဆန်ပြတ်လပ်မှု မရှိစေရန် အရန်ဆန်များ စုဆောင်းထား သင့်ကြောင်း ပညာရှင်များက ပြောသည်။

အယ်နီနို ဖြစ်စဉ်သည် ပင်လယ် ရေမျက်နှာပြင် အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လေ့ရှိပြီး သုံးနှစ်၊ လေးနှစ် သို့မဟုတ် ခုနစ်နှစ် တစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး အယ်နီနို ကာလသည် နှစ်လမှ ကိုးလအထိ ကြာမြင့် တတ်ကြောင်း သိရသည်။

''အယ်နီနိုကြောင့် မိုးနည်းရေရှားဖြစ်တဲ့ အလယ်ပိုင်း၊ မြေလတ်ပိုင်း ဒေသတွေမှာ သက်ရောက်မှု များနိုင်ပြီး ရေရှားပါးမှုနဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်တယ်။ အယ်နီနို သက်ရောက်မှုက မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း) ဒေသတွေမှာ အဓိက ခံစားရနိုင်တယ်။ တခြားဒေသ တွေမှာလည်း အယ်နီနို ကြောင့် သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်မှု ဖြစ်ပေါ် နိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ မေလဆိုရင် ပိုပြီး သတိပြုဖို့ လိုပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ယခု ဖြစ်ပေါ်နေသည့် အယ်နီနို အင်အားသည် မှတ်တမ်းများအရ အင်အား အကောင်းဆုံး ဖြစ်ခဲ့သည့် ၁၉၉၇-၁၉၉၈ ခုနှစ် အယ်နီနိုဖြစ်စဉ် နှင့်တူညီနေပြီး အင်အား ၂ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ရှိရာ ယခုနှစ် နွေရာသီတွင် ပုံမှန်ထက် အပူချိန် မြင့်တက်ခြင်း၊ မိုးနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment