Pages

Tuesday, January 12, 2016

ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ၃ မျိုးတိုးမြှင့် ခွင့်ပြုပေးသော်လည်း e-Visa စနစ်တိုးချဲ့ခြင်း မရှိသောကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု နည်းပါး



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာသုံးမျိုး တို့ကို တိုးမြှင့်ခွင့်ပြု ပေးခဲ့သော်လည်း e-Visa စနစ်တိုးချဲ့မှု မရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းအပေါ် အကျိုး သက်ရောက်မှု နည်းကြောင်း ခရီးသွား လုပ်ငန်းရှင်များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ e-Visa စနစ်ကို ယခုထက်ပို၍ နိုင်ငံများတိုးချဲ့ လက်ခံ ပေးနိုင်မှသာ ပြည်တွင်းခရီးသွား လုပ်ငန်းများ အတွက် များစွာအကျိုး ရှိစေမည် ဖြစ်သောကြောင့် တိုးချဲ့ပေးရန် လိုလားလျက် ရှိနေကြောင်း၊ အဓိကအားဖြင့် e-Visa စနစ်ဖြင့် လာရောက်လိုသော နိုင်ငံများစွာ ရှိပြီး ယင်းနိုင်ငံများထဲမှ သင့်လျော်သော နိုင်ငံများကို ရွေးချယ်ခွင့်ပြုပေး စေလိုကြောင်း၊ ယခု တိုးမြှင့်ခွင့်ပြု ခြင်းသည် ခရီးသွားလုပ်ငန်း အပေါ် သိသာစွာ သက်ရောက်မှုမရှိဘဲ ယခင်အတိုင်းသာ ရှိနေကြောင်း၊ လက်ရှိ တိုးမြှင့်သော ဗီဇာများသည် ASEAN Single Entry Visa စနစ်သို့ ကူးပြောင်းရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များက သုံးသပ် ပြောကြားသည်။

လက်ရှိတိုးမြှင့် လိုက်သော ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုးကို သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၌ လျှောက်ထားနိုင်ပြီး ယင်းအနက် သံတမန်ဗီဇာသည် အခမဲ့ဖြစ်ကာ သံတမန်များ အနေဖြင့် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း နေထိုင်ခွင့် ရမည်ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ ဗီဇာနှင့် ကမ္ဘာလှည့် ဗီဇာကြေးမှာ အမေရိကန်ဒေါ်လာ ၂ဝ ဖြစ်ပြီး နေထိုင်ခွင့် ၂၈ ရက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေးဗီဇာ၊ ပညာရေးဗီဇာ၊ သာသနာရေးဗီဇာ၊ စာနယ်ဇင်းနှင့် သတင်းမီဒီယာ ဗီဇာ၊ ယာဉ်အမှုထမ်း ဗီဇာနှင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ သုတေသနဗီဇာ တို့အတွက် ဗီဇာကြေး အမေရိကန် ဒေါ်လာ ၃၆ ဒေါ်လာ ကျသင့်မည် ဖြစ်ကြောင်း၊ ယင်းတို့တွင် ဖြတ်သန်း ဗီဇာကြေး အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာဖြစ်ပြီး ၂၄ နာရီနေခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပြန်ဝင်ခွင့်ဗီဇာ သုံးမျိုးတွင် အကြိမ်ကြိမ် အထူးပြည်ပြန်ဝင်ခွင့် ဗီဇာ၊ တစ်ကြိမ် ပြည်ပြန်ဝင်ခွင့် ဗီဇာ နှင့် ပြည်တွင်း နေထိုင်သည့် အမြဲနေ အရည်အချင်း ရှိသည့် နိုင်ငံခြားသား များအတွက် ပြည်ပြန်ဝင်ခွင့် ဗီဇာများကို ရန်ကုန်မြို့ရှိ နိုင်ငံခြားသားများ ရေးရာဌာနခွဲ နေထိုင်ခွင့် ဌာနစိတ်၌ လျှောက်ထားရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ ပြည်ပြန်ဝင်ခွင့် ဗီဇာ လျှောက်ထားသူ များမှာ ကျပ် ၅ဝဝဝ ကျသင့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်အတွင်းက ပြည်ပခရီးသွား နှစ်သန်းကျော် စံချိန်တင် ဝင်ရောက်ခဲ့ကာ ၂ဝ၂ဝ ပြည့်နှစ်တွင် ၇ ဒသမ ၅ သန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

စိုးမိုး 

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment