Pages

Tuesday, January 12, 2016

မြို့ပြနှင့် ကျေးလက်ဒေသများအထိ Mobile Phone ဖြင့်ငွေကြေးဝန်ဆောင်မှု ပေးသွားမည် ရွှေဘဏ် ဖွင့်ပွဲကျင်းပ



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများ အထိ မိုဘိုင်လ်းဖုန်း ဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု များအား ဆောင်ရွက်ပေး သွားမည့် ရွှေဘဏ် (ရွှေကျေးလက် နှင့်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဘဏ် လီမိတက်) ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲ ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း နှင့် ကုန်သည် လမ်းထောင့်ရှိ အဆိုပါဘဏ် အဆောက်အအုံ ရှေ့၌ ကျင်းပသည်။

ရွှေဘဏ်ဖွင့်ပွဲတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ UMFCCI နာယက ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် ရွှေဘဏ်နာယက ဒေါ်နီနီ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း က ရွှေဘဏ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် မြန်မာနိုင်ငံတောf ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က မော်ကွန်းကမ္ပည်း ကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။

ရွှေဘဏ်သည် ကျေးလက်နှင့် မြို့ပြများ၊ ပြည်ပနိုင်ငံများသို့ အီလက်ထရွန်နစ် နည်းပညာကို အခြေခံကာ ဈေးရောင်းဝယ်မှု စနစ်၊ နိုင်ငံတကာ ငွေကြေးဈေးကွက် နှင့် အရင်းအနှီး ဈေးကွက်များသို့ ဝင်ရောက် ရောင်းဝယ်ခြင်း၊ ထပ်ဆင့်ချေးငွေနှင့် ပူးပေါင်းချေးငွေ လုပ်ငန်းများ ဘဏ်လုပ်ငန်း ဈေးကွက်တွင် ထိုးဖောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ပရွှေ့ပြောင်း လုပ်သားများအား မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲပို့လုပ်နိုင်ရန် နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်သွားမည် ဖြစ်ပြီး ငွေကတ်စနစ်များ ရှိကြောင်း သိရသည်။ တစ်နှစ်လျှင် ဘဏ်ခွဲငါးခု နှုန်းဖြင့် ငါးနှစ်အတွင်းမြို့ကြီးများ၌ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရွှေဘဏ်ရုံးချုပ်မှ သိရသည်။

ပြည်တွင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးအမိန့် (P.O) ထုတ်ပေးခြင်း၊ ဘဏ်အာမခံ အမျိုးမျိုး ထုတ်ပေးခြင်း၊ လက်ဆောင်မွန် ချက်လက်မှတ်များထုတ်ပေးခြင်း၊ DEBIT CARD ၊ CREDIT CARD များထုတ်ပေးခြင်း၊ ATM စက်များ၊ POS စက်များချထား၍ ဝန်ဆောင်မှုပေးခြင်း၊ Mobile BANKING, INTERNET BANKING ဝန်ဆောင်မှုစနစ်များ ပေးခြင်းတို့ကို ရွှေဘဏ်မှ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေ စာရင်းများဖွင့်လှစ်ပေးခြင်း၊ သွင်းကုန်/ ထုတ်ကုန် လုပ်ငန်းရှင်များ အတွက် LC/TT များဖွင့်ပေးခြင်း၊ Money Changer များဖွင့်လှစ်၍ နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ Master Card , Visa Card များထုတ်ပေးခြင်း တို့ကိုလည်း ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရွှေဘဏ်ရုံးချုပ်မှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment