Pages

Thursday, January 21, 2016

မူလခန့်မှန်းထားသည်ထက်၂ဝ၁၅-၂ဝ၁၆ အယ်လ်နီညို ပို၍ ဆိုးရွားလာဖွယ်ရှိ



ကမ္ဘာတစ်ဝန်းမှာ ရာသီဥတု ပြင်းထန်ဆိုးဝါး နေတာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ကနေ စတင်ခဲ့ပြီး အခု ၂၀၁၆ အထိကို အဆုံးမသတ် နိုင်သေးတဲ့ ဒီအယ်လ်နီညို ဖြစ်စဉ်ဟာ တတိယ အကြိမ်မြောက် အဆိုးရွားဆုံး အယ်လ်နီညို ဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

၁၉၉၇ ကလည်း အယ်လ်နီညို ပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ လူပေါင်း သန်းပေါင်းဆယ်နဲ့ချီ ရောဂါဘယတွေ ခံစားခဲ့ရသလို အစာငတ်မွတ် ခေါင်းပါးခြင်းနဲ့ လည်း ကြုံခဲ့ကြ ရပါတယ်။ ကမ္ဘာ့ အနောက်ခြမ်း ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ အရှေ့ ခြမ်း ဖြစ်တဲ့ အင်ဒိုနီးရှား မှာတော့ မိုးခေါင်ရေရှား ခဲ့ပါတယ်။ မိုးလေ၀ါသ ဖောက်ပြန်မှုရဲ့ အကျိုးဆက် အားဖြင့် အာဖရိကမှာ တစ်ခါမှ မကြုံဖူးတဲ့ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ သလို တစ်ကမ္ဘာလုံးမှာ ကော်ဖီဈေး တွေလည်း တက်သွားခဲ့ ပါတယ်။ အခုလည်း ကျွန်တော်တို့ ဟာ ၁၉၉၇ အယ်လ်နီညို ထက် မနိမ့်တဲ့ အခြေအနေကို ရင်ဆိုင်ဖြတ်သန်း နေရတာပါ။

ဒီအယ်လ်နီညိုဆိုတာ ဘာများပါလိမ့်။

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း၊ အီကွေတာ တစ်လျှောက်မှာ သမုဒ္ဒရာရေ ပူနွေးလာပါတယ်။ ဒီ ပူနွေးလာတဲ့ သမုဒ္ဒရာရေကို အရှေ့ ကနေ အနောက်ကို တိုက်ခတ်တဲ့ လေတွေက အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဘက်ကို တွန်းထုတ်ပါတယ်။ ဒါပေမယ့် သမုဒ္ဒရာရေက သာမန်ထက် ၀ ဒသမ ၅ ဒီဂရီအထက် ပိုပြီးပူလာတဲ့အခါ အဲဒီ အနောက်လေက အားပျော့သွားပြီး သမုဒ္ဒရာရေနွေးပူ တွေကို အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဘက်ကိုပဲ
သတ်သတ် မှတ်မှတ် မတွန်းထုတ်နိုင် တော့ဘဲ ကမ္ဘာ့အရှေ့ ဘက်တစ်ခြမ်းလုံး ကနေ တောင်အမေ ရိကကို ရောက်တဲ့ အထိ ပြန့် ပြီးစီးဆင်းသွားပါတယ်။ ဒါကို အယ်လ်နီညို ဖြစ်စဉ်လို့  ခေါ်ပါတယ်။ အယ်လ်နီညို ကတော့ စပိန်စကားလုံး ဖြစ်ပါတယ်။ ခရစ္စမတ်အပြီးမှာ ဖြစ်ပွားတတ်လို့  အဲဒီအချိန်မှာ ရက်သားလေး အရွယ်ပဲရှိဦးမယ့် ယေရူခရစ်တော်ကို အစွဲပြုပြီး ‘ကလေးငယ်လေး’ လို့ အဓိပ္ပာယ်ရတဲ့ အယ်လ်နီညို လို့ ခေါ်တာလို့  Merriam Webster အဘိဓာန်မှာ ဖော်ပြထားပါတယ်။

ဒီတော့ ပစိဖိတ်သမုဒ္ဒရာ ရေက အီကွေတာနားမှာ ပူလာပြီး ကမ္ဘာ့ အရှေ့ ဘက်ခြမ်းကို စီးဆင်းလာတော့ ဘာဖြစ်သလဲ။ လေထု ပတ်ဝန်းကျင်ကို ပူနွေးစေပြီး ကမ္ဘာတစ်ဝန်းက သမုဒ္ဒရာ ရေစီးကြောင်းကို  ကမောက်ကမ ဖြစ်စေတဲ့အတွက် ပစိဖိတ်သမုဒ္ဒရာ ထဲမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်က အယ်လ်နီညို မုန်တိုင်းဒဏ်ကို အခံရဆုံးဖြစ်ပြီး တောင်အမေရိက၊ အနောက်ဘက် ကမ်းရိုးတမ်းကတော့ အတောမသတ် နိုင်တဲ့ မိုးရွာသွန်းမှုကို ခံစားရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တောင်အာရှနဲ့ သြစတြေးလျ မှာတော့ ခါတိုင်းလို မိုးမရွာတော့ဘဲ မိုးခေါင်ရေရှားမှု ဖြစ်ပွား ပါတော့တယ်။ ၂၀၁၆ ဟာ တောင်အာရှ အတွက် မိုးခေါင်ရေရှားမယ့်နှစ် ဖြစ်ဖို့  ရာခိုင်နှုန်း များနေပါပြီ။

အယ်လ်နီညိုကြောင့် ဆိုင်ကလုန်းရာသီ တွေကိုလည်း ခန့် မှန်းရ ခက်သွားလေ့ ရှိပါတယ်။ ပစိဖိတ်အရှေ့ ပိုင်းရေထု ပူနွေးလာရင် ပစိဖိတ် သမုဒ္ဒရာထဲမှာ ဟာရီကိန်းမုန်တိုင်း ဖြစ်ပွားမှုပိုလာ ပေမယ့်  အတ္တလန္တိတ် သမုဒ္ဒရာထဲ မှာတော့ မုန်တိုင်းဖြစ်ပွားမှု နည်းသွားပြန် ပါတယ်။ ဒီတော့ ၂၀၁၆ မှာလည်း အတ္တလန္တိတ် သမုဒ္ဒရာဟာ အေးအေးလူလူ ရှိနေဦးမှာ ဖြစ်ပေမယ့် ပစိဖိတ်ထဲမှာတော့ မုန်တိုင်းထန် ပါလိမ့်မယ်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့ ပိုင်းက ရေအေးငါးတွေ ဒေသရွှေ့ ပြောင်းလေ့ ရှိတဲ့အတွက် အဲဒီဒေသ လက်တင်အမေရိကား က တံငါရွာတွေရဲ့  ငါးဖမ်းလုပ်ငန်းကို အထူးထိခိုက် ပါတယ်။ ဒါဖြစ်ရင် ဒီ ၂၀၁၅-၂၀၁၆ အယ်လ်နီညိုဟာ ၁၉၉၇-၁၉၉၈ အယ်လ်နီညို ထက် ဆိုးရွားပြင်းထန် နိုင်မလားဆိုရင် ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန် သုညဟာ ပုံမှန်၊ ၀ ဒသမ ၅ ကျော်သွားရင် အယ်လ်နီညို၊ ၁ ဒသမ ၅ ထက် ကျော်သွားရင် အားပြင်းတဲ့ အယ်လ်နီညို ပါ။ ၁၉၉၇-၁၉၉၈ အယ်လ်နီညိုက ၂ ဒသမ ၃ ရှိခဲ့ပါတယ်။ အခုအယ်လ်နီညို က ၂ ဒသမ ၀ ရှိပြီး တက်ရိပ်ပြ နေတဲ့အတွက် ကျွန်တော်တို့  စိတ်ပူမယ်ဆိုရင် ပူလို့ ရနေပါပြီ။ အယ်လ်နီညို ၂ ဒသမ ၃ ရှိခဲ့တဲ့ ၁၉၉၇ မှာ လူပေါင်း ၂၃၀၀၀ သေဆုံးပြီး အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံကျော်ဖိုး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။ လက်တင် အမေရိကရဲ့  အချို့ သော နေရာတွေမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့ပြီး တောမီး ဆိုးရွားပြင်းထန်စွာ လောင်ကျွမ်းခဲ့  ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ခရိုင်ပေါင်း ၃၅ ခုမှာ အခု မိုးခေါင်ရေရှား ဖြစ်နေပါတယ်။ ဒီခရိုင်တွေပဲ ၁၉၉၇ မှာကျတော့ ရေကြီးရေလျံမှုနဲ့  ကြုံတွေ့ ခဲ့ရပါတယ်။ အယ်လ်နီညိုကြောင့် ကမ္ဘာကြီးလည်း ပူနွေးလာအုံးမှာမို့  ၁၉၉၈ ဟာ အလွန်ပူပြင်း ခဲ့သလို ၂၀၁၅ ဟာလည်း ခြစ်ခြစ်တောက် နီးပါးပူခဲ့တာ အားလုံးသတိရ ကြမယ် ထင်ပါတယ်။

အယ်လ်နီညို ဖြစ်စဉ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်လို့  ဖြစ်ပွားတာလား ဆိုရင် မဟုတ်ပါဘူး။ အယ်လ်နီညို ဖြစ်စဉ်ဟာ ၂ နှစ်ကနေ ၃ နှစ်ကို တစ်ကြိမ် မှန်မှန် ဖြစ်ပွားလေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ရာသီဥတု ဖောက်ပြန် နေတာနဲ့ တိုက်ဆိုင် သွားရင်တော့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပွားလာတဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းရော၊ မိုးခေါင်ရေရှား ခြင်းပါ ပိုပြီးဆိုးရွား ပြင်းထန်လာဖို့ပဲ ရှိပါတယ်။

အယ်လ်နီညို ၂၀၁၅ ဟာ ထင်မှတ်ထား တာထက် သက်တမ်းပိုကြာ နေပြီး ၂၀၁၆ မတ်လအထိကို လက်တံဆန့်လာမယ့် အခြေအနေမှာ ရှိနေတာမို့  ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ အအေးပိုပြီး မြောက် ဘက်ခြမ်းမှာ အအေးလျော့ ပါမယ်။ တောင်ဘက်ခြမ်းမှာ မိုးလည်းများ ပါမယ်။ ကယ်လီဖိုးနီးယား ရဲ့ မိုးခေါင်ခြင်း ပြဿနာ အနည်းငယ်ပဲ လျော့ပါးသွား ပါလိမ့်မယ်။ အယ်လ်နီညို ဖြစ်စဉ်ဟာ ဒီထက်လည်း ဆိုးရွားလာနိုင် သေးတာမို့  မိုးလေ၀ါသ သတင်း အချက်အလက် များကို ပုံမှန်သိရှိနေဖို့  လိုအပ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment