Pages

Tuesday, January 26, 2016

လာမည့်ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁၀၀ နီးပါးအထိ တိုးချဲ့သင်ကြားမည်


ရန်ကုန် ၊ ၂၆-၁-၂၀၁၆

လာမည့် ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁ဝဝ နီးပါးအထိ တိုးချဲ့သင်ကြား ပေးရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

''မနှစ်က ကျောင်းသား မရှိတဲ့ တချို့မြို့နယ် တွေကို ဖြုတ်ပြီးတော့ မြို့နယ်အသစ် တွေမှာ သင်ပေးဖို့ စီစဉ်သွားမယ်။ အကျဉ်းထောင်တွေ ထဲအထိသွားပြီး သင်ကြားပေးဖို့ ဆွေးနွေးနေတာ တွေရှိတယ်။ ဒါက ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်တယ်။ ကျောင်းပြင်ပ စီမံချက်က စာတတ်မြောက်မှု ၉၅ ရာခိုင်နှုန်း ကျော်အထိ တိုးတက် လာတယ်။ နှစ်တိုင်း တက္ကသိုလ်က ကျောင်းသား တွေရော ပညာရေးက တာဝန်ရှိ သူတွေပါ အားလုံးပါဝင် ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု စီမံချက် မန်နေဂျာ ဦးထွန်းကြည် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အဖြစ် ကျောင်းမနေရ သူများနှင့် မူလတန်း မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအား သင်ကြားပေးမည် ဖြစ်သည်။

''နှစ်တိုင်း သင်ပေးလေ စာတတ်မြောက်မှု နှုန်းမြင့်လာလေပဲ။ သူတို့ စာသင်ချင် အောင်လည်း ပညာရေး ဌာနက ပံ့ပိုး ပေးသင့်တယ်။ ဥပမာ စာအုပ်၊ ဘောပင် စတာတွေ ပံ့ပိုးပေး တာမျိုးပေါ့'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး လိုက်လံ သင်ကြားပေး ခဲ့သည့် ဒုတိယနှစ် မြန်မာစာ ကျောင်းသား ကိုကျော်နိုင် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးအဖြစ် ကျောင်းမနေဖူးသည့် ကလေးများအား မူလတန်းအောက် အဆင့်နှင့် မူလတန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ ရသည့် ကလေးများ အတွက် မူလတန်း အထက် အဆင့်ဖြင့် ဇွန်လမှ စတင်၍ ရက်ပေါင်း ၂ဝ၄ ရက် သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ မူလတန်း ပညာ သင်ကြားပေး နေသည့် သတ်မှတ်နေရာသို့ မလာရောက် နိုင်သော ကလေးငယ် များအား ၄င်းတို့နေထိုင် သည့်နေရာ အထိ သွားရောက် သင်ကြားရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment