Pages

Tuesday, January 26, 2016

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေသန်း ၆ဝ ကို ထပ်မံခြိမ်းခြောက် နေသည့် အယ်လ်နီညို



( ရှိန်းထက် )

၂ဝ၁၅ ခုနှစ်သည် ကမ္ဘာမြေ၏ စံချိန်တင် အပူဆုံးနှစ်တစ်နှစ် အဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီး ၂ဝ၁၆ ခုနှစ်ကိုပါ အမွေဆက်ခံသူ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သည်လည်း အပူဆုံး နှစ်တစ်နှစ် ဖြစ်လာနိုင်ပြီး မပြီးဆုံး သေးသည့် အယ်လ်နီညို ဒဏ်ကို ဆက်ခံရဦးမည်ဟု ကုလသမဂ္ဂ ရာသီဥတု သိပံ္ပညာရှင် များက ကြိုတင်ခန့်မှန်းချက် ထုတ်ပြန် ထားသည်။

အယ်လ်နီညိုကို အပြင်းထန်ဆုံး ခံစားခဲ့ရသော နိုင်ငံများသည် အာဖရိကနိုင်ငံများ ဖြစ်သည်။ ထိုအထဲမှ ဖွံ့ဖြိုးမှု အနည်းဆုံး အရှေ့အာဖရိက နိုင်ငံများသည် အယ်လ်နီညို ကြောင့် အငတ်ဘေးဆိုက် ခဲ့ရသည်။ အာဖရိက၏ အဖွံ့ဖြိုးဆုံး တောင်အာဖရိက ပင် ကုလသမဂ္ဂ၏ အကူအညီ ရယူခဲ့ရသည်။ ဆယ်စုနှစ်တစ်စု နှစ်စုအတွင်း ဖွံ့ဖြိုးမှု အလျင်အမြန်ဆုံးနှင့် စီးပွားရေး အင်အား ကောင်းလာခဲ့သော ဖွံ့ဖြိုးဆဲ အီသီယိုးပီးယား သည် အယ်လ်နီညို ကြောင့် စီးပွားရေးများ ပရမ်းပတာ ဖြစ်ခဲ့ရသည်။

အီသီယိုးပီးယား ၏ ဖွံ့ဖြိုးမှုသည် စိုက်ပျိုး မွေးမြူရေး ပေါ်တွင် အဓိက အခြေခံထား သောကြောင့် အများဆုံး အထိနာခဲ့ရခြင်း ဖြစ်သည်။ အယ်လ်နီညို ကြောင့် မိုးခေါင် ရေရှားမှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ အပူလှိုင်းများ ဖြစ်ပေါ်ကာ ၂ဝ၁၅ ခုနှစ် တွင် အီသီယိုးပီးယား အပါအဝင် အာဖရိကရှိ လူပေါင်းသန်း ၅ဝ လောက် ဒုက္ခရောက်ခဲ့ ရသည်။ ထိုအထဲမှ ၁ဝ ဒသမ ၂ သန်းသည် အီသီယိုးပီးယား ဒေသခံများ ဖြစ်သည်။

ယခု ၂ဝ၁၆ ခုနှစ်သည်လည်း မပြီးဆုံးသေးသည့် အယ်လ်နီညို ဖြစ်စဉ်များကြောင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများ အထူးသဖြင့် အာဖရိကနှင့် အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံများမှ စုစုပေါင်း ပြည်သူသန်း ၆ဝ ခန့် အယ်လ်နီညို ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန် ထားသည်။ ၂ဝ၁၅ ခုနှစ်သည် သမိုင်း တစ်လျှောက်တွင် ၁၉၉ဝ ပြည့်နှစ် ပြီးနောက် ဒုတိယ အကြိမ်မြောက် အယ်လ်နီညိုဒ ဏ်ကို အပြင်းထန်ဆုံး ခံစားရသည်။ ပထမအကြိမ် သည် ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။

သမိုင်း အစဉ်အလာအရ နှစ်နှစ်သက်တမ်း အချိန်ယူ တတ်သော အယ်လ်နီညို ကြောင့် ၂ဝ၁၇ ခုနှစ်အရောက်မှ အယ်လ်နီညို လုံးဝ ကင်းစင်သွား နိုင်သည်။ သို့သော် ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ သစ်တောများ ပြုန်းတီးလာမှု၊ ကာဗွန်ဒိုင် အောက်ဆိုက်များ ပိုမိုထုတ်လွှတ်မှု တို့ကြောင့် သဘာဝ ရာသီဥတု များသည် ပုံမှန်ဖြစ်စဉ် များထက် အဆိုးဆုံး အရာများကို အချိန်ကြာမြင့်စွာ ပိုမို ယူဆောင်လာ တတ်သည်။ အချိန်အခါ မဟုတ် မိုးရွာသည်။ ရေကြီးသည်။ သီးနှံများ ပျက်စီးသည်။ ထိုအချိန်အခါ မဟုတ် ရွာသောမိုးသည် သီးနှံများ ထွန်ယက်စိုက်ပျိုးချိန် ရောက်လျှင် ပေါ်မလာတော့ဘဲ သီးနှံဖြစ်ထွန်းသင့် သလောက် မဖြစ်ထွန်းဘဲ ပျက်စီး ရတော့သည်။

ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသော နိုင်ငံမျိုးသည် အယ်လ်နီညို ကြောင့် အငတ်ငတ် အပြတ်ပြတ် ဖြစ်ရသည်။ ထိုမျှနှင့် မပြီးသေး နောက်ဆက်တွဲ ပြဿနာများ က ထပ်လာသေး သည်။ ပြင်းထန်သည့် ကာလဝမ်း ရောဂါနှင့် ကူးစက် ရောဂါများ၊ ငှက်ဖျားရောဂါ တို့ကပါ ကပ်ပါလာသည်။ ထိုရောဂါတို့ကို အချိန်မီ မထိန်းချုပ်နိုင် လျှင် လူထောင်သောင်း မက သေဆုံးနိုင်သည်။ အတိတ်ကာလ တုန်းက ကူးစက်ရောဂါများ ကြောင့် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် သေဆုံးမှုများမှာ သမိုင်းတွင်ခဲ့ ဖူးသည်။

အီဘိုလာကဲ့သို့ ကူးစက်ရောဂါ မျိုးသာ အရှေ့အာဖရိက တွင် ထပ်ဖြစ်လျှင် ၂ဝ၁၆ ခုနှစ်လည်း အာဖရိက အတွက် အိပ်မက်ဆိုး ဆက်မက်မည့် နှစ်တစ်နှစ် ဖြစ်သွားဦးမည် ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပေါ် လာနိုင်သည့် အယ်လ်နီညို စိန်ခေါ်မှုများကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်း နိုင်ရန် အစိုးရတိုင်းသည် လိုအပ်သည့် ကဏ္ဍများတွင် ကြိုတင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား ရမည် ဖြစ်သည်။ အထူးသဖြင့် ဖြစ်လာလျှင် လတ်တလော ဖြေရှင်းရမည့် ကျန်းမာရေး ကဏ္ဍတွင် ဖြစ်သည်။

အပူလှိုင်း များကြောင့် ပါကစ္စတန်တွင် လူပေါင်း ၁၂ဝဝ ကျော် သေဆုံးပြီး အိန္ဒိယတွင် လူပေါင်း ၂၅ဝဝ ကျော် သေဆုံးခဲ့ရသည်။ ရေကြီးမှုကြောင့် လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရသည်။ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ အရေအတွက် ကလည်း သန်းနှင့်ချီ ရှိခဲ့သည်။ ထိုအရာများသည် အယ်လ်နီညို က သယ် ဆောင်လာသော ဆိုးရွားလွန်းသည့် အရာများ ဖြစ်သည်။

ကင်ညာနိုင်ငံ တွင် ကလေး ၂ ဒသမ ၅ သန်းသည် အယ်လ်နီညို ကြောင့် မိုးခေါင်မှုဒဏ်၊ ရေကြီးမှုဒဏ်၊ မြေပြိုမှုဒဏ်၊ အစာရေစာ ပြတ်လပ်မှုနှင့် ဆေးဝါး ပြတ်လပ်မှု ဒဏ်တို့ကို ခံစားခဲ့ရသည်ဟု ယူနီဆက်ဖ် ကဆိုသည်။ ထို့အတူ အီသီယိုးပီးယား တွင် ကလေးငယ်ပေါင်း နှစ်သိန်းကျော် နှင့် ဇင်ဘာဘွေ တွင် လူဦးရေ ၁ ဒသမ ၅ သန်း အယ်လ်နီညို ကြောင့် ဒုက္ခရောက်ခဲ့ ရသည်။

ဇန်နဝါရီ ၂၂ ရက် တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ၏ ထုတ်ပြန် ကြေညာချက်၌ ၂ဝ၁၆ ခုနှစ်တွင် အဆိုးရွားဆုံး အယ်လ်နီညို ဒဏ်ကို ခံစားရမည့် နိုင်ငံခုနစ်နိုင်ငံ စာရင်း ပေါ်ထွက် လာခဲ့သည်။ အီသီယိုးပီးယား၊ လစ်ဆိုသို၊ ကင်ညာ၊ ပါပူဝါနယူးဂီနီ၊ ဆိုမာလီယာ၊ တန်ဇန်းနီးယား နှင့် ယူဂန်ဒါ တို့ဖြစ်သည်။ အီသီယိုးပီးယား ကတော့ ထိပ်ဆုံးစာရင်းမှ ပါဝင်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်၏ စိန်ခေါ်မှု များသည် နှစ်စမှာပင် ကြိုတင်အဖြေများ ထွက်ပေါ်လာ နေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကြံ့ကြံ့ခံ ရင်ဆိုင်ရဦးမည့် သဘာဝဘေး အန္တရာယ် စိန်ခေါ်ပွဲကြီးလည်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် အယ်လ်နီညို သည် အာဖရိကတွင် အသေအပျောက် အနည်းငယ်သာ ရှိခဲ့ပြီး အီသီယိုးပီးယား တွင် လူအသေ အပျောက် မရှိခဲ့ဟု အင်္ဂလန်နိုင်ငံ ဆိုင်ရာ အီသီယိုးပီးယား သံအမတ်က ဆိုသည်။ လိုအပ်သည့် အစာရေစာ ပြတ်လပ်မှုနှင့် ဆေးဝါး ပြတ်လပ်မှုကို အသက်ဆက် နိုင်ရုံ အချိန်မီ အရောက်ပို့နိုင် ခဲ့သောကြောင့် ဖြစ်သည်။

၂ဝ၁၆ ခုနှစ်သည် ၂ဝ၁၅ ခုနှစ်ထက် အခြေအနေ ပိုမဆိုးခဲ့လျှင်တောင် လျော့နည်းသွားမည့် အနေအထား မရှိသောကြောင့် အာဖရိကအတွက် ကံဆိုးမိုးမှောင် ကျသည့် နှစ်တစ်နှစ် ဖြစ်လာဦး မည် ဖြစ်သည်။ တောင်အာဖရိက တွင်တော့ နမီးဘီးယား နိုင်ငံသည် အဆိုးရွားဆုံး ဖြစ်သည်။ အိမ်မွေး တိရစ္ဆာ န်နှင့် တောရိုင်းသားကောင် များပင် အစာရေစာ ငတ်ပြတ်မှုကြောင့် သေဆုံးခဲ့ ရသည်။

ယခင် ကတည်းကမှ အပူပိုင်းဇုန် အာဖရိကသည် အယ်လ်နီညို ပြင်းထန်စွာ ဝင်ရောက် လာသောအခါ မည်သည့် နေရာကိုကြည့်ကြည့် ဖုန်တထောင်းထောင်း နှင့် သစ်ပင်များလည်း အရိုးပြိုင်းပြိုင်း ထကာ မြေအောက်ရေ မရှိတော့သော မြေပပ်ကြားအက်များ ကလည်း ယခင် စားကျက်မြေ များကို အစားထိုး နေရာယူထားသည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သစ်သည် အာဖရိကအတွက် အသွင်တူသည့် ၂ဝ၁၅ ခုနှစ်ဟောင်း တစ်နှစ်သာလျှင် ဖြစ်နေပါ တော့ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment