Pages

Sunday, January 17, 2016

ငါးပိ ငါးခြောက်များကို ဆိုးဆေးမသုံးရန် အသိပညာပေး နေသော်လည်း လိုက်နာမှုအားနည်းနေဆဲ


ရန်ကုန် ၊ ၁၇-၁-၂ဝ၁၆

ငါးပိ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူများ  က ထုတ်ကုန်အမြင်လှပစေရန် ဆိုးဆေးများ အသုံးပြု နေသည် ကို ရှောင်ရှားနိုင်ရေး အသိပညာပေး နေသော်လည်း လိုက်နာမှု အားနည်းနေ ဆဲ ဖြစ်ကြောင်း အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါက်တာ ဇင်ဇင်နွယ် က ပြောသည်။

''ဧရာဝတီတိုင်း ဒေသကြီးမှာ ရှိတဲ့ ငါးပိ၊ ငါးခြောက် ထုတ်လုပ်တဲ့ သူတွေကို ဆိုးဆေးတွေမသုံးဖို့ ကျွန်မတို့အနေနဲ့ အသိပညာ ပေးတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးနေတယ်။ ဒီလို ပြောနေပေမယ့် လည်း ဆိုးဆေးတွေ အသုံးပြု နေဆဲပဲ ဖြစ်တယ်။ ဒါကလည်း စားသုံးသူတွေကြောင့် လို့ဆိုရမယ်။ ငါးပိဆိုရင် ပန်းရောင်မှ စစ်တယ်လို့ ထင်ကြတော့ ငါးပိမည်းရင် မဝယ်ကြဘူး။ ဒါကြောင့် ထုတ်လုပ် သူတွေက ပန်းရောင် ဖြစ်အောင် ဆေးဆိုးသုံးမြဲ သုံးနေကြတာ ဖြစ်တယ်'' ဟု ၄င်းကပြောသည်။

ငါးပိအဖြစ် ပြုလုပ်သော ငါးမျိုးများသည် ရာသီဥတုပေါ် အခြေခံကာ အရောင်ပြောင်းလဲမှု ရှိသကဲ့သို့ ငါးပိအဖြစ် ထုတ်လုပ်ပါကလည်း အမည်းရောင် အဖြစ် ပြောင်းလဲသွား ခြင်းကြောင့် စားသုံးသူများ နှစ်သက်သည့် ပန်းရောင် ရရှိလာစေရန် ဆိုးဆေးများ အသုံးပြု လာကြခြင်းဖြစ်သည်။

ချည်ဆိုးဆေး အသုံးပြုထားသော ငါးပိများကို စားသုံးမိပါက အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းမှုများ၊ အသည်းတွင် အဆိပ်အတောက် ဖြစ်ခြင်းများနှင့် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက်ခြင်းများ စသော ဆိုးကျိုးများ ခံစားရနိုင်ကြောင်း သိရသည်။

ဆိုးဆေးများကို ငါးပိများတွင်သာ အသုံးပြုနေရုံ မဟုတ်ဘဲ ပုစွန်ချဉ်များ တွင်လည်း အသုံးပြုလာကြောင်း၊ ငါးခြောက်များ ၌လည်း ယင်မနားစေရန် ဓာတုဆေးဝါးများ အသုံးပြု နေသဖြင့် ပြည်သူများ အနေဖြင့်လည်း သတိပြုစားသုံး ကြရန် လိုအပ်ပေသည်။

စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက် စေခြင်းကြောင့် လက်လီ အရောင်းဆိုင်များ မှတစ်ဆင့် မူလထုတ်လုပ် ရောင်းချသည့် နေရာသို့ လိုက်လံစစ်ဆေး အရေးယူရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment