Pages

Sunday, January 17, 2016

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး စီမံကိန်းအတွက် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


မန္တလေးတိုင်းဒေသကြီး ရန္တပိုရွာ မှ အိုးလုပ်ငန်းကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၇-၁-၂၀၁၆

မြန်မာ့ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product စီမံကိန်းကို မြန်မာ-ဂျပန် ပူးပေါင်း လုပ်ဆောင်နိုင်ရန် နားလည်မှု စာချွန်လွှာအား ယမန်နေ့က အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၌ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

သမဝါယမ ဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန နှင့် ဂျပန်နိုင်ငံ Asia Crafts Link (ACL) တို့ ပူးပေါင်း၍ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အလုပ်ရုံများ ထူထောင်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် နှင့် လက်မှုပစ္စည်း များကို ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန် နားလည်မှု စာချွန်လွှာ (MoU) အား လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ငွေ က ပြောသည်။

အဆိုပါ နားလည်မှု စာချွန်လွှာတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု စီမံကိန်းအဖြစ် လက်မှုအနုပညာဖြင့် ပြုလုပ်မည့် သစ်အချောထည် ပစ္စည်းများ ဝါး၊ ကြာစသည့် စီမံကိန်းများအား လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းစီမံကိန်းများ လုပ်ဆောင်နိုင်ရန် နည်းပညာပေးခြင်း၊ သင်တန်းပေးခြင်း နှင့် သင်တန်းသား များ၏ ထုတ်ကုန်ပစ္စည်း များကို ပြည်ပ ဈေးကွက်သို့ မိတ်ဆက် ပေးခြင်းများ လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်ဈေးကွက် အတွင်းသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန် မှထွက်ရှိသည့် မြန်မာ့ လက်ဖက်ခြောက်များ မိတ်ဆက်ပေးခြင်း၊ ဝါး၊မီးသွေး လုပ်ငန်းနှင့် ပတ်သက်သည့် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်မှုအနုပညာ ပစ္စည်းထုတ်လုပ်သူ များအား ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်၍ ဂျပန် နည်းပညာများ လွှဲပြောင်း သင်ကြားပေးခြင်း တို့ကို လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ အသေးစား အလုပ်ရုံများနှင့် လက်မှုပညာရှင်များ အရည်အသွေး မြင့်မား တိုးတက်စေရေး၊ ကျွမ်းကျင် ပညာရှင်များနှင့် ဒီဇိုင်း ပညာရှင်များ ပေါ်ထွက် လာစေရေး တို့အတွက် စီမံကိန်း လုပ်ငန်းများ စီစဉ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ် တချို့၌ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment