Pages

Wednesday, January 6, 2016

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ATR (72-600) လေယာဉ်အသစ်ရောက်



ရန်ကုန် ၊ ၆-၁-၂ဝ၁၆

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှခရီးသွား ဝန်ဆောင်မှု ပိုမိုအဆင်ပြေ စေရန်အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း ATR (72-600) လေယာဉ် အသစ်သည် ယမန်နေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရသည်။

ယခု ရောက်ရှိလာသော လေယာဉ် ATR (72-600) လေယာဉ် အသစ်သည် ATR ကုမ္ပဏီမှ မှာယူထားသော ဒုတိယမြောက် လေယာဉ်ဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ် စုစုပေါင်း ခြောက်စင်းမှာယူ ထားရာ ကျန်လေးစင်းကို ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် လက်ခံရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်ကို MNA ၏ပြည်တွင်း ခရီးစဉ်များအပြင် ပြည်ပခရီးစဉ် များပါ ပျံသန်းအသုံးပြု သွားမည်ဖြစ်ပြီး ခရီးသည် ၇၂ ဦး လိုက်ပါစီးနင်း နိုင်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် ''ပြည်ထောင်စု ဗမာ့လေကြောင်း'' အမည်ဖြင့် နိုင်ငံတော်ပိုင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအဖြစ် တည်ထောင်ခဲ့ပြီး De Havilland Dovo အမျိုးအစား လေယာဉ် ခြောက်စင်းနှင့် ပြည်တွင်းခရီးစဉ် ၁၉ ခုကို စတင်ပျံသန်း ပြေးဆွဲခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ဗန်ကောက်၊ ကာလကတ္တားနှင့် စစ်တကောင်းသို့ ပျံသန်းခဲ့သည်။ ၁၉၅၂ ခုနှစ် ဗမာ့လေကြောင်း အက်ဥပဒေအရ နိုင်ငံတကာ ခရီးစဉ်များကို တိုးချဲ့ပျံသန်းမှု နှင့် လေကြောင်းလိုင်းကို ပြန်လည်ဖွဲ့စည်း ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ့လေကြောင်း ဟု အမည်ပြောင်းလဲ ခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကို ပျံသန်းပြေးဆွဲ ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်တွင်းလေကြောင်း ပို့ဆောင်မှုများကို ပြန်လည် ပြေးဆွဲခြင်းနှင့် အတူ မြန်မာအမျိုးသား လေကြောင်းလိုင်း အမည်သစ်ဖြင့် ပြည်တွင်း ခရီးစဉ်ပေါင်း ၂၆ ခုကို ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။

ကောင်းစစ်နိုင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment