Pages

Wednesday, January 6, 2016

ပြည်ထောင်စုနေ့တွင် ကုက္ကိုင်းခုံးကျော်တံတား ပေါ်မှ ယာဉ်များစတင်ဖြတ်သန်း နိုင်တော့မည်



ရန်ကုန် ၊ ၆-၁-၂ဝ၁၆

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးမီးပွိုင့် လမ်းဆုံများတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား စီမံကိန်းသည် ယခုအခါ လုပ်ငန်းအားလုံး ၉၀ ရာခိုင်နှုန်း ပြီးစီးလာပြီ ဖြစ်ရာ ပြည်ထောင်စု နေ့တွင် ယာဉ်များစတင် ဖြတ်သန်း နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထိုတံတားကြီးကို Capital Construction ကုမ္ပဏီမှ ၂ဝ၁၅ စက်တင်ဘာလတွင် စတင်တည်ဆောက် ခဲ့သည်။ တံတားကြီးကို ကမ္ဘာအေး လမ်းမကြီးအတိုင်း မြန်မာပလာဇာ ကုန်တိုက်ကြီးရှေ့ လမ်းနီမှတ်တိုင်မှ စတင်ကာ ကုက္ကိုင်းမီးပွိုင့်အား ဖြတ်သန်း၍ အနုပညာ အထက်တန်းကျောင်းရှေ့ အထိ ဆက်သွယ် တည်ဆောက်နေခြင်း ဖြစ်သည်။ 

ယခုအခါတွင် ဘိုးပိုင်လုပ်ငန်း၊ သံပေါင်ဆင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးကာ ပင်မ တံတားပေါ်၌ ကွန်ကရစ် ခင်းခြင်း လုပ်ငန်းသည် ၂ဝ ရာခိုင်နှုန်း ပြီးစီးလာပြီ ဖြစ်သည်။ ကတ္တရာခင်းခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်မည် ဖြစ်သည်။

''သံပေါင်ဆင် လုပ်ငန်းနဲ့ ကွန်ကရစ်ခင်း အလုပ်တွေ လုပ်နေရလို့ နေ့စဉ်ယာဉ်တွေ အသွားအလာ မပြတ်အောင် ယာဉ်သွားလာမှု အစီးရေ နည်းတဲ့ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လုပ်ငန်းခွင် နေရာလေးတွေ ကိုသာပိတ်ပြီး နိုင်ငံခြားသား အင်ဂျင်နီယာ၊ မြန်မာ အင်ဂျင်နီယာ ၃ဝ ဦး၊ လုပ်သားအင်အား ၃ဝဝ ခန့်နဲ့ နေ့ဆိုင်းညဆိုင်း ခွဲပြီး လုပ်နေတယ်။ သတ်မှတ်ပြီးစီးရက် မေလထက် တစ်လခွဲစော ပြီးမှာဖြစ်ပါတယ်။ လက်ရှိ ပိတ်ထားတဲ့ လမ်းကိုလည်း ဇန်နဝါရီ ၁၅ ရက်မှာ ပြန်ဖွင့်ပေးမှာပါ။ ယာဉ်တွေ အရင်အတိုင်း ကမ္ဘာအေး လမ်းကို အသုံးပြုနိုင်ပါပြီ။ ဆရာစံလမ်းကို ပတ်စရာ မလိုတော့ ပါဘူး''ဟု စီမံကိန်း မန်နေဂျာ ဦးကျော်သူရ ကပြောသည်။

ရန်ကုန်မြို့၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက် မေလတွင်အပြီး အပြိုင် တည်ဆောက် နေသော တာမွေ ခုံးကျော်တံတား၊ ရှစ်မိုင် ခုံးကျော်တံတား၊ ငမိုးရိပ် (သုနန္ဒာ)တံတား နှင့် ယခု ကုက္ကိုင်း ခုံးကျော်တံတား အပါအဝင် တံတားလေးစင်း တွင် ကုက္ကိုင်း ခုံးကျော်တံတား သည် ပြီးစီးမည့်ရက်ထက် တစ်လစောကာ ပြည်ထောင်စုနေ့ တွင် ယာဉ်များ စတင်ဖြတ်သန်း နိုင်မည် ဖြစ်သည်။

ထိုတံတားကြီး ပြီးစီးလျှင် ယာဉ်များ ကမ္ဘာအေး လမ်းမကြီးအတိုင်း ကုက္ကိုင်းမီးပွိုင့် လမ်းဆုံအား တောက်လျှောက် ဖြတ်သန်း မောင်းနှင်နိုင်သလို တက္ကသိုလ် ရိပ်သာလမ်း ကုက္ကိုင်းမီးပွိုင့် လမ်းဆုံတွင်လည်း ယခင်ထက် လျင်မြန်စွာ သွားလာနိုင်မည် ဖြစ်သည်။

တံတားသည် RC သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး ယာဉ် အသွား/အပြန် လေးလမ်းသွား ဖြစ်သည်။ တံတားအောက် ကမ္ဘာအေးလမ်း ပေါ်တွင် ယာဉ်အသွား တစ်လမ်း အပြန်တစ်လမ်း ပါဝင်သောကြောင့် ယာဉ်များ အသွားအပြန် ခြောက်လမ်း အသုံးပြုနိုင်မည် ဖြစ်သည်။ တံတား ကင်းလွတ်အမြင့် ၄ ဒသမ ၉ မီတာရှိသည်။ မော်တော်ယာဉ် တစ်စီးချင်း ၇၅ တန်ခံနိုင်ပြီး တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်း ဖြတ်သန်း မောင်းနှင်နိုင်သည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment