Pages

Monday, December 28, 2015

MPU အနေဖြင့် ATM စက်များ၌ ငွေထုတ်ယူရာတွင် အငြင်းပွားမှုများ ရှိလာပါက သုံးရက်မှ ငါးရက်အတွင်း ဖြေရှင်းပေးမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

MPU အနေဖြင့် ATM စက်များ၌ ငွေထုတ်ယူရာတွင် အငြင်းပွားမှုများ ရှိလာပါက သုံးရက်မှ ငါးရက်အတွင်း ဖြေရှင်းပေးမည် ဖြစ်ကြောင်း Myanmar Payment Union (MPU) မှ သိရသည်။

ဆက်သွယ်ရေး ဆိုင်ရာ အခက်အခဲ များကြောင့် ATM စက်များမှ ငွေထုတ်ယူရာတွင် အခက်အခဲများ ရှိသဖြင့် အငြင်းပွားမှုများ ရှိသည်ကို သိရှိရကြောင်း၊ အဆိုပါ အငြင်းပွားမှုများ အတွက် သက်ဆိုင်ရာ ဘဏ်များမှ တစ်ဆင့် မကျေနပ်ကြောင်း ပြောဆိုမှုများ ကို MPU အနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မကျေနပ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဘဏ် နှင့် ဆက်သွယ် ဆောင်ရွက်ပြီး အလုပ်လုပ်ရက် သုံးရက်မှ ငါးရက်အတွင်း ဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် MPU အဖွဲ့ဝင် ဘဏ်ပေါင်း ၂၃ ဘဏ် ရှိကြောင်း သိရသည်။ MPU ကတ် အသုံးပြုနိုင်မှုကို ၂ဝ၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး MPU ကတ်များကို ပြည်တွင်း၌ ရန်ကုန်၊ မန္တလေး စသည့်မြို့ပေါ် နေရာတို့၌ အသုံးပြုမှု များကြောင်း၊ တခြား ငွေပေးချေမှု စနစ်များ ကိုလည်း MPU မှ ပေးချေနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ MPU ကတ်များကို ပြည်တွင်း POS ( Point of Sale ) များ အသုံးပြုမှု များလာစေရန် ဈေးကွက်ချဲ့ထွင် နေကြောင်း သိရသည်။ လက်ရှိတွင် MPU အကြွေးဝယ်ကတ် (Credit Card) များကိုလည်း လျှောက်ထားနိုင်ပြီး Credit Card ထုတ်ပေးနေသည့် ဘဏ်များတွင် လျှောက်ထား နိုင်ကြောင်း သိရသည်။

MPU ကတ်ဖြင့် ငွေပေးချေမှု စနစ်များ တိုးချဲ့ဆောင်ရွက် နေကြောင်း MPU မှ သိရသည်။ အခွန်ထမ်းများ အနေဖြင့် MPU ကတ်မှတစ်ဆင့် အခွန်ငွေ ပေးချေခြင်း၊ MPU ကတ်မှတစ်ဆင့် တယ်လီဖုန်းဘီလ် ဖြည့်ပေးခြင်း အစရှိသည့် ဆောင်ရွက်ချက် များကို အကောင် အထည်ဖော်လျက် ရှိကြောင်း သိရသည်။

MPU Debit Card ဆိုသည်မှာ ကတ်ကိုင်ဆောင် ထားသူသည် ငွေသား ကိုင်ဆောင်ရန် မလိုဘဲ လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသော ကတ်ဖြစ်ကြောင်း၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူခြင်း အတွက် ပေးချေရာတွင် ငွေသားအစား အွန်လိုင်းမှ ပေးချေခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment