Pages

Monday, December 28, 2015

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

မြန်မာနိုင်ငံရှိ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော work.com.mm မှကြီးမှူးပြီး အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပရန် စီစဉ်ထားပြီး ပြည်တွင်းရှိ အလုပ်အသစ် ရှာဖွေလုပ်ကိုင် လိုသူများနှင့် အလုပ်ပြောင်းရွှေ့ လုပ်ကိုင်လိုသူများ အတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် အရောင်း မြှင့်တင်ရေး ဝန်ထမ်းများ၊ စာရင်းကိုင်များ၊ အိုင်တီ ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲရေး ရာထူးများအပြင် တခြား အလုပ်အကိုင်များနှင့် ရာထူးနေရာများ အတွက်လည်း ကုမ္ပဏီအသီးသီးမှ လိုအပ်သော ဝန်ထမ်းများ ခေါ်ယူသွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် မိမိတို့ကြိုက် နှစ်သက်ရာ အလုပ်အကိုင်များကို တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည်။

အလုပ်လျှောက်ထား လိုသူများသည် CV ပုံစံ အလုပ်လျှောက်လွှာ၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံနှင့် လိုအပ်သော စာရွက်စာတမ်း များကို မိမိတို့နှင့်အတူ တစ်ပါတည်း ယူဆောင်လာပြီး လျှောက်ထား နိုင်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အရည်အချင်းနှင့် ကိုက်ညီသူ များကိုလည်း ပြပွဲ ကျင်းပသည့်နေ့ မှာပင် တစ်ခါတည်း လူတွေ့မေးမြန်းပြီး သင့်လျော် သူများကို စိစစ်ရွေးချယ်ကာ အလုပ်ခန့်အပ် သွားမည့် ကုမ္ပဏီများလည်း ပြပွဲတွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အလုပ်အကိုင် ပြပွဲတွင် ပြည်တွင်းမှ ကုမ္ပဏီများနှင့် ပြည်ပ အခြေစိုက် ကုမ္ပဏီပေါင်း ၃ဝ ကျော်နှင့် Save The Children ၊ WWF ကဲ့သို့သော အဖွဲ့အစည်း များမှ အလုပ်အကိုင်များ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment