Pages

Friday, December 18, 2015

မန္တလေးမြို့ရှိ ပြတိုက်များနှင့် ပုဂံပြတိုက်တို့ကို အဆင့်မြှင့်တင် မွမ်းမံရန်လျာထား



Bagan Archaeological Museum

မန္တလေး ၊ ၁၈-၁၂-၂၀၁၅

လာမည့်နှစ်အတွင်း မန္တလေးမြို့ရှိ ပြတိုက်များနှင့် ပုဂံပြတိုက် တို့ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် လျာထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အဆင့်မြှင့်တင် ပြင်ဆင်မွမ်းမံခြင်း များကို ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များကိုသာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး နှစ်စဉ် တစ်နှစ်လျှင် ပျမ်းမျှ ပြတိုက် သုံးခု နှုန်းဖြင့် ၁ဝ နှစ်တစ်ကြိမ် အလှည့်ကျ ပြင်ဆင် အဆင့်မြှင့်တင် မွမ်းမံခြင်းများ လုပ်ဆောင် ပေးလျက်ရှိကြောင်း ၊ လာမည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စား မှုရှိသော မန္တလေးမြို့ရှိ ရှေးဟောင်းပြတိုက် များနှင့် ပုဂံပြတိုက် တို့ကိုလည်း အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

ယင်းပြတိုက်များကို အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက် ရခြင်းသည် နိုင်ငံသားတိုင်း မိမိနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သမိုင်းကြောင်း များကိုပိုမို သိရှိစေရန် ဦးစားပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ရမည့် အသိပညာများ ခံစားသိရှိ လာနိုင်စေရန် ပါဝင်ကြောင်း၊ ထို့ပြင် အနာဂတ် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် မိမိနိုင်ငံနှင့် မိမိလူမျိုး တို့၏ သမိုင်းကြောင်းကို သိရှိထားရန် လိုအပ်သည့် အတွက် လေ့လာမှု အားကောင်း လာစေရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာ ဒေသအလိုက် စာသင်ကျောင်း များ၌ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများက ဆွေးနွေး စည်းရုံးမှုများ စတင်ပြုလုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်ရှိ ပြတိုက်ပေါင်း ၃၀ ကျော်ရှိပြီး ယင်း ပြတိုက်များ၌ ဝင်ရောက် ကြည့်ရှုမှု နည်းနေသေးသဖြင့် အခမဲ့ဝင်ခွင့် ပေးမည့် အစီအစဉ်ကိုလည်း စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြတိုက်များ အဆင့်မြှင့်တင်မှုတွင် အများပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လေ့လာ ကြသော ပြတိုက်များကို ဦးစားပေး လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment