Pages

Friday, December 18, 2015

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် ၀င်ငွေကျပ်သန်း ၉၀၀ ခန့်ရရှိရန် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း အသစ်က မျှော်မှန်းဆောင်ရွက်နေ



ရန်ကုန် ၊ ၁၈-၁၂-၂၀၁၅

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကွင်းအမှတ်(၇၃) မြနန္ဒာလမ်းနှင့် ပုဏ္ဏမီလမ်းရှိ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း အသစ်သည် ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေကျပ် သန်း ၉ဝဝ ခန့်ရရှိရန် မျှော်မှန်း ထားကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ သိရသည်။

ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း အသစ်သည် စက်မှုဆိပ်ကမ်းများ တိုးချဲ့ရန် စီမံကိန်းဖြင့် အလုံ သင်္ဘောကျင်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကွင်းအမှတ် (၇၃) မြနန္ဒာလမ်းနှင့် ပုဏ္ဏမီလမ်းကြားသို့ ပြောင်းရွှေ့၍ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသစ် အဖြစ် မြေဧရိယာ ၄၄ ဒသမ ၅၇၆ ဧကတွင် ကျပ် ၁၁ ဒသမ ၉၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ အဆောက်အအုံနှင့် လွန်းကျင်းသစ်များ တည်ဆောက် ခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသည် မူလ အလုံမြို့နယ် အမှတ် (၇ဝ၇) ကမ်းနားလမ်းမှ အလုံ သင်္ဘောကျင်း အား ဒဂုံ(ဆိပ်ကမ်း) မြို့နယ်သို့ ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။ သဘောင်္ကျင်း သည် နှစ်စဉ် ဌာနပိုင် ရေယာဉ်များကို တစ်နှစ်လျှင် ၂၄ စင်းခန့် လွန်းတင်ပြင်ဆင် နိုင်ပြီး အကြီးစား ပြင်ဆင်မှု အနေဖြင့် တစ်နှစ်လျှင် ၄၆ စင်းခန့် ပြင်ဆင် နိုင်ခဲ့သည်။ ထို့ပြင် ပြင်ပဝင်ငွေ ရရှိရေးအတွက် ပုဂ္ဂလိက ရေယာဉ်များ လက်ခံ တည်ဆောက် ပေးလျက်ရှိရာ ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေကျပ်သန်း ၉ဝဝ ခန့်ရရှိရေး မျှော်မှန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရှိ ရေယာဉ်များ ပြင်ဆင်ရေး အတွက် အရေးပါသော သင်္ဘောကျင်း ဖြစ်သကဲ့သို့ ဌာနဝင်ငွေ ရရှိရေး အတွက် ရေယာဉ်သစ်များ လက်ခံ တည်ဆောက်ခြင်း အတွက်လည်း အရေးပါသော သင်္ဘောကျင်း တစ်ခုအဖြစ် ရပ်တည် ဆောင်ရွက်လျက် ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment