Pages

Monday, December 28, 2015

မြန်မာနိုင်ငံ၏ (၄၀)ခုမြောက် သဘာဝနယ်မြေ ဖြစ်လာမည့် ရှင်မတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ထောင်ရန်စီစဉ်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် တည်ငြိမ် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် အခြေအနေကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံတော်မှ သဘာဝ နယ်မြေများကို သတ်မှတ် လုပ်ဆောင်လျက် ရှိရာ မြန်မာနိုင်ငံအတွင်း တည်ထောင်ပြီး သဘာဝနယ်မြေ ၃၉ ခု၊ ဧရိယာ ၉၆ဝ၇၄၉ဝ ဒသမ ၁၆ ဧက ( ၁၅ဝ၁၁ ဒသမ ၇၃ စတုရန်းမိုင်) စုစုပေါင်း သစ်တော ဖုံးလွှမ်းမှု၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်း ရှိပြီဖြစ်သည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ် အတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန် အတွက် ဘေးမဲ့တော တစ်ခု တည်ထောင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ စီစဉ် နေကြောင်း သိရသည်။ ထိုသို့တည်ထောင် ပြီးစီးပါက မြန်မာနိုင်ငံ၏ (၄ဝ)ခုမြောက် သဘာဝနယ်မြေ ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ဘေးမဲ့တောကို ရှင်မတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဟု အမည်ပေးထားပြီး အကျယ် ၁၃၁၇၄ ဒသမ ၇၃၅ ဧက (၂ဝ ဒသမ ၅၉ စတုရန်းမိုင်) ကျယ်ဝန်းကာ ဥပဒေအရ တရားဝင် သတ်မှတ်မှုကို ၂ဝ၁၆ ခုနှစ် ဧပြီလတွင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဘေးမဲ့တောအဖြစ် သတ်မှတ်မည့် ဧရိယာကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ မြေစာရင်းတို့မှ အောက်ခြေ အဆင့်အထိ သွားရောက်ကာ စာရင်းကောက် ယူမှုများ ပြုလုပ်ထားပြီး တရားဝင် မသတ်မှတ်မီ ဘေးမဲ့တော ဧရိယာအတွင်း မြေယာကိစ္စများ နှင့်ပတ်သက်၍ ရက်ပေါင်း ၁၂ဝ အတွင်း ဒေသခံပြည်သူများ ကန့်ကွက် နိုင်ကြောင်း သိရသည်။

သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် ဥပဒေအရ သတ်မှတ်ပြီးပါက ယင်းဒေသ အတွင်း အမဲလိုက်သူများ၊ မြေယာတိုးချဲ့ သူများ၊ နေထိုင်သူများကို သစ်တောဥပဒေ၊ နည်းဥပဒေ၊ တောရိုင်း တိရစ္ဆာ န်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ အဖြစ် အရေးယူ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂေဟဒေသ ၁၄ ခုရှိပြီး မျိုးသုဉ်းအန္တရာယ် နီးကပ်နေသည့် တောရိုင်း တိရစ္ဆာ န် မျိုးစိတ် အနည်းဆုံး ၁ဝ၃ မျိုးနှင့် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီး မျိုးစိတ် ၂၃၃ မျိုး နေထိုင် ကျက်စားလျက် ရှိသည်။ အဆိုပါ မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ် ရှိသော Critically Endangered မျိုးစိတ် ၃၇ မျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော Endangered မျိုးစိတ် ၆၅ မျိုး ပါဝင်နေပြီး မျိုးသုဉ်းမှု အန္တရာယ်နှင့် နီးကပ်နေသည့် တောရိုင်း တိရစ္ဆာ န် များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေး စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေသည်။

လက်ရှိ အချိန်တွင် သားငှက် ထိန်းသိမ်းရေး အဖွဲ့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် အမျိုးသား ဥယျာဉ်များနှင့် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောများ တည်ထောင်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်း များအတွက် နှစ်ပေါင်း ၂၂ နှစ်ကျော် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ လက်ရှိ အချိန်တွင်လည်း ကျားနှင့် ဧရာဝတီလင်းပိုင် အပါအဝင် မြန်မာနိုင်ငံ အတွက် အရေးပါသော မျိုးစိတ်များ ထိန်းသိမ်းရေးကို ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် တည်ထောင်ပြီးသော သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၃၉ ခုရှိပြီး သတ်မှတ်ပြီး သဘာဝ ထိန်းသိမ်းရေး နယ်မြေဧက ကိုးသန်းခွဲကျော် ရှိကာ သဘာဝ ထိန်းသိမ်းရေး နယ်မြေသည် စုစုပေါင်း သစ်တော ဖုံးလွှမ်းမှု၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်း ရှိကြောင်း၊ နောက်ပိုင်းတွင် စုစုပေါင်း သစ်တော ဖုံးလွှမ်းမှု၏ ၁ဝ ရာခိုင်နှုန်းအထိ တိုးချဲ့ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment