Pages

Thursday, December 17, 2015

ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ထည့်သွင်းထားသည့် ဘက်ထရီဖြင့် ဒရုန်းများကို မိနစ် ၆၀ ထိ ပျံသန်းနိုင်မည်



လန်ဒန် ၊ ၁၇-၁၂-၂၀၁၅

ကမ္ဘာပေါ်တွင် လူမဲ့ အဝေးထိန်းယာဉ်ပျံ ဒရုန်းများကို စစ်ဘက် နယ်ဘက် တို့၌ ကျယ်ပြန့်စွာ အသုံးပြု လာကြရာ ဘက်ထရီ အားကုန်ခန်း လွယ်သည့် ပြဿနာမှာ စိတ်ပျက်ဖွယ် ကိစ္စတစ်ရပ် ဖြစ်လာသောကြောင့် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီများက ဒရုန်းများ အချိန်ပိုကြာမြင့်စွာ ပျံသန်းနိုင်ရန် အသုံးပြုနိုင်သည့် ဘက်ထရီကို ဖန်တီး ပြုလုပ်လျက် ရှိရာ ဗြိတိန် နည်းပညာ ကုမ္ပဏီ Intelligent Energy က ဟိုက်ဒရိုဂျင် လောင်စာဆဲလ် များ ထည့်သွင်း အသုံးပြုထားသည့် ဘက်ထရီကို ထုတ်လုပ်လိုက်ပြီး ၄င်း ဘက်ထရီ ဖြင့် ဒရုန်းများသည် နာရီနှင့်ချီ ပျံသန်း နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

''လက်ရှိအချိန်မှာ ဒရုန်းတွေ က မိနစ် ၂ဝပဲ ပျံသန်း နိုင်ပါတယ်။ အခု ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ ဟိုက်ဒရိုဂျင် ဘက်ထရီနဲ့ ဆိုရင် အနည်းဆုံး မိနစ် ၆ဝ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် ဘက်ထရီကို Matrice 100 အမျိုးအစား ဒရုန်းမှာ စမ်းသပ်အသုံးပြု ကြည့်ခဲ့ပြီးပါပြီ '' ဟု Intelligent Energy မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''ဟိုက်ဒရိုဂျင် လောင်စာဆဲလ် တွေက ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လျှပ်စစ်ဓာတ်အား အဖြစ် အသွင်ပြောင်းပေး ပါတယ်။ အဲဒီအတွက် ဓာတုဖြစ်စဉ် တစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အစွန်းထွက် ပစ္စည်းဆိုလို့ ရေငွေ့ပဲ ထွက်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် တွေက ပရင်တာ မင်တောင့် တွေလိုပဲ Cartridge နဲ့ လာပါတယ်။ ဒီတော့ ဒရုန်းတစ်စင်းမှာ ဘက်ထရီလဲလှယ် တပ်ဆင်ဖို့ ဆိုတာကလဲ စက္ကန့်ပိုင်း လောက်ပဲ ကြာမယ့် ကိစ္စဖြစ်လာမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဒရုန်းနည်းပညာ တိုးတက်လာသည်နှင့် အမျှ ပုဂ္ဂလိက ဝယ်ယူသုံးစွဲသူ များလည်း အများအပြား ရှိလာရာ ကန့်သတ်နယ်မြေ များတွင် ဝင်ရောက် ပျံသန်း ကြသည့်အတွက် သက်ဆိုင်ရာမှ အရေးယူခြင်း၊ တားမြစ်ခြင်း၊ အပြစ် ပေးခြင်းများ ကိုလည်း ပြုလုပ်နေ ရကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment