Pages

Thursday, December 17, 2015

ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ နှီးနှောဖလှယ်မှုများ ဆောင်ရွက်ရန် ဒဂုံတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံသို့ ထွက်ခွာ



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

မြန်မာ-ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ အချင်းချင်း ယဉ်ကျေးမှုနှင့် ပညာရေး ဆိုင်ရာ နှီးနှော ဖလှယ်မှုများ ဆောင်ရွက်ရန် ဒဂုံ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော လေ့လာရေး အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း သိရသည်။

''ဒီခရီးစဉ်ကတော့ ဆရာတို့နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ချင်းမိုင် တက္ကသိုလ်၊ မဲဆောက်က Khamptaeng Phet Rajabat တက္ကသိုလ်တွေနဲ့ ပညာရေးဖွံ့ဖြိုး တိုးတက်ရန် အတွက် MoU လက်မှတ်တွေ ထိုးခဲ့တယ်။

အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့မေလမှာ ထိုင်းနိုင်ငံက ကျောင်းသားတွေ ဒဂုံတက္ကသိုလ် ကိုလာပြီး မြန်မာစာ သင်ခဲ့တယ်။ သင်ကြားရေး တွေကို လေ့လာခဲ့တယ်။ အခုလည်း ဆရာတို့အနေနဲ့ MoU ထိုးထားတဲ့ တက္ကသိုလ် နှစ်ခုက ယဉ်ကျေးမှုတွေ၊ ပညာရေးစနစ် တွေကို သွားလေ့လာပြီး အတွေ့အကြုံ ဗဟုသုတ တွေကို ပြန်ရောက်ရင် ဖြန့်ဝေသွားမှာပါ။ ဒါဟာ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နောက် ပိုင်း တွေမှာလည်း နှစ်စဉ်ဆက် သွားနိုင်ဖို့ အစီအစဉ် ရှိပါတယ်''ဟု လေ့လာရေး အဖွဲ့ခေါင်းဆောင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်အောင်သန်း က ပြောသည်။

လေ့လာရေး အဖွဲ့အနေဖြင့် ဒီဇင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ချင်းမိုင် တက္ကသိုလ်နှင့် Khamptaeng Phet Rajabat နှစ်ခုတွင် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကျောင်းများ၏ အဆောက်အအုံ တည်ဆောက်ပုံ၊ သင်ကြားရေး စနစ်များ၊ လက်တွေ့ သင်ကြားမှု အပြင် အခြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး စနစ်များကို လေ့လာသွားမည် ဖြစ်သည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ဆရာ၊ ဆရာမ လေးဦး၊ ကျောင်းသား၊ ကျောင်းသူ ဘာသာရပ် အလိုက် ပထမနှစ်မှ မဟာတန်းထိ ရှစ်ဦး စုစုပေါင်း ၁၂ ဦး လိုက်ပါသွားကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြဝတီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment