Pages

Thursday, December 24, 2015

ဆားလုပ်ငန်းလိုင်စင်များကို လက်ငင်းကောက်ခံမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း လျှောက်ထားသူမရှိဖြစ်နေ



ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅

ဆားလုပ်ငန်း လိုင်စင်များကို လက်ငင်း ကောက်ခံမည်ဟု ထုတ်ပြန် ကြေညာပြီး နောက်ပိုင်း ဆားရာသီချိန် ရောက်ရှိလာပြီ ဖြစ်သော်လည်း ဆားလုပ်ငန်း လိုင်စင် လျှောက်ထားသူမရှိ ဖြစ်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဆားလုပ်ငန်း တောင်သူများ၏ ပြောပြချက်များ အရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးသည် ဆားထုတ်လုပ်သည့် လုပ်ငန်း အများဆုံးရှိသည့် တိုင်းဒေသကြီး တစ်ခု ဖြစ်နေသော်လည်း ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ကြောင့် ဆားကွင်းများနှင့် ဆားလုပ်ငန်းများ ပျက်စီးဆုံးရှုံး ခဲ့ရသည်။

ထို့ကြောင့် နာဂစ်မုန်တိုင်း ကာလအပြီး ခြောက်နှစ်တာ ကာလအတွင်း ဆားတောင်သူ များနှင့် ဆားလုပ်ကွက် ဧကများ လျော့နည်း မသွားစေရန် အစိုးရက ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်မှ ဆားလုပ်ငန်းများ အတွက် ပံ့ပိုးမှုအမျိုးမျိုး ပြုလုပ်ပေး ခဲ့သော်လည်း ဆားဈေးနှုန်းများ ကျဆင်းနေသဖြင့် ဆားလုပ်ငန်းများ တွက်ခြေမကိုက် ဖြစ်နေခဲ့ပြီး လုပ်ကိုင် ဆောင်ရွက်မှုများ လျော့ကျသွား ခဲ့သည်။ ဆားလုပ်ငန်း လိုင်စင်ကြေး များကိုလည်း တစ်ဧကလျှင် ငွေကျပ် ၃၅ဝဝ နှုန်းဖြင့် နှစ်ဟောင်းအတွက် ပေးသွင်းပြီး ပါက နှစ်သစ်အတွက် လုပ်ငန်း လိုင်စင်ကို အကြွေးစနစ်ဖြင့် ထုတ်ပေးခဲ့သည်။

သို့သော် အဆိုပါ ဆားလုပ်ငန်း လိုင်စင်များကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဆားရာသီချိန်မှ စ၍ လက်ငင်း ကောက်ခံမည်ဟု ကြေညာခဲ့သည်။ ထိုသို့ ကြေညာ ခဲ့ပြီးနောက်ပိုင်း ယခု ဆားလုပ်ငန်း ရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း လာရောက် လျှောက်ထားသူ မရှိ ဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ဆားလုပ်ငန်း လိုင်စင်ကြေး များကို နှစ်ဟောင်းအတွက် ပေးသွင်းပြီးပါက နှစ်သစ်အတွက် လုပ်ငန်း လိုင်စင်ကို အကြွေးစနစ်ဖြင့် ထုတ်ပေးခဲ့ သော်လည်း လိုင်စင်ကြေး ရရှိရန် ကြွေးကျန် အများအပြား ရှိနေသဖြင့် ယခုနှစ်မှစ၍ လက်ငင်းစနစ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ဆားလုပ်ငန်း တောင်သူများ မှာလည်း နှစ်စဉ်ဆက်တိုက် ဆိုသကဲ့သို့ အရှုံးနှင့်သာ ကြုံတွေ့ နေကြရသဖြင့် အချို့သော ဆားလုပ်ငန်း တောင်သူများမှာ လုပ်ငန်းဆက်လက် လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ်

No comments:

Post a Comment