Pages

Thursday, December 24, 2015

တစ်ကမ္ဘာလုံးရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာ၌ ရှိနေဟု Ericsson ထုတ်ပြန်



ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅

တစ်ကမ္ဘာလုံး မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတိုးတက်ဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် စတုတ္ထနေရာ၌ ရှိကြောင်း Ericsson Myanmar ၏ အစီရင်ခံစာ ထုတ်ပြန် ကြေညာချက် အရ သိရသည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုတွင်ကျယ် နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ် သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေသဖြင့် မိုဘိုင်းလ်ဖုန်း သုံးစွဲပြောဆိုမှု တွင်ကျယ် လာခဲ့သည်မှာ မကြာသေးကြောင်း၊ မကြာသေး သော်လည်း မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း အသုံးပြုမှု မှာ အချိန်တိုအတွင်း မှာပင် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံ အချို့ကို ဖြတ်ကျော်ကာ တစ်ကမ္ဘာလုံးတွင် အသားတင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှုတိုးရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံး ငါးနိုင်ငံတွင် ပါဝင်ကြောင်း Ericsson Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မိုဘိုင်းလ်ဖုန်း အသုံးပြုမှု အများဆုံးထိပ်တန်း ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ယခုနှစ်၊ နှစ်ကုန်ပိုင်းကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ များ၏ စာရင်းများအရ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ငါးသန်းခန့် သိသိသာသာ တိုးတက်များပြား လာနေသဖြင့် တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံကို စတုတ္ထအဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြုနေမှု အခြေအနေများတွင် အိန္ဒိယနိုင်ငံက အတိုးတက်ဆုံး အခြေအနေမှာ ရှိနေပြီး တရုတ်နိုင်ငံက ဒုတိယ၊ အမေရိကန်နိုင်ငံက တတိယ၊ မြန်မာနိုင်ငံက စတုတ္ထနှင့် နိုင်ဂျီရီးယားနိုင်ငံက ပဉ္စမ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ (၃၃၆)

No comments:

Post a Comment