Pages

Thursday, December 31, 2015

မင်းလှခံတပ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာမှု များပြား





မင်းလှ ၊ ၃၁-၁၂-၂ဝ၁၅

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ရှိ ရှေးဟောင်း မင်းလှခံတပ်သို့ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်လေ့လာမှု များပြားလျက် ရှိကြောင်း သိရသည်။ မင်းလှမြို့ ဧရာဝတီ ကမ်းပါးထိပ်တွင် တည်ဆောက် ထားသော မင်းလှခံတပ်သည် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြင့် အထူးထင်ရှားသော ရှေးဟောင်းနယ်မြေ ဖြစ်ပြီး အပြင်းထန်ဆုံး တိုက်ပွဲဝင်ခဲ့သော နေရာဖြစ်သည်။

မင်းလှခံတပ်ကို ခရစ်နှစ် ၁၈၆ဝ-၁၈၆၁ ခုနှစ်တွင် ကနောင်မင်းသားကြီး ဦးစီး၍ ပြင်သစ်နှင့် အီတလီနိုင်ငံ တို့မှ အင်ဂျင်နီယာများ၊ နိုင်ငံခြား ပညာတော်သင်ပြန် မြန်မာလူငယ် အင်ဂျင်နီယာများ ပူးပေါင်း၍ ဧရာဝတီမြစ်မှ ဆန်တက်လာမည့် အင်္ဂလိပ်သင်္ဘော များကို တိုက်ခိုက်နိုင်ရန် ကြီးမားခိုင်ခံ့စွာ တည်ဆောက် ခဲ့သည်။ ခံတပ်ကြီးသည် အရှေ့၊အနောက် အလျား ၁၈၄ ပေနှင့် တောင်၊မြောက် အလျား ၁၇၁ ပေ၊ အမြင့် ၂၆ ပေရှိပြီး နံရံများတွင် စစ်သည်တော်များ နေထိုင်ရန်နှင့် ပစ္စည်းရိက္ခာ သိုလှောင်ရန် အခန်းပေါင်း ၂၁ ခန်း ပါဝင်ဖွဲ့စည်း ထားသည်။ ခံတပ်အတွင်းပိုင်း မှ အပေါ်တက်ရန် တောင်ဘက်နှင့် မြောက်ဘက်တွင် လှေကားနှစ်စင်းစီ စုစုပေါင်း လှေကားလေးစင်း တပ်ဆင်ထားကာ အနောက်ဘက် အဝင်ပေါက်ဝဲ/ ယာမှ ခံတပ်ပေါ်သို့ အမြောက်များတင်ရန် ဆင်ခြေလျှော လမ်းများလည်း ပြုလုပ်ထားသည်။ အမြောက်ဒဏ်နှင့် ကျည်ဆန် မဖောက်ဝင်စေရန် နံရံထူကြီး နှစ်ခုကြား၌ မြေသားများဖို့၍ တည်ဆောက် ထားသည်။ 

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ ဝင်ရောက် တိုက်ခိုက်စဉ် မင်းလှခံတပ်မှ ''မင်းထင်မင်းလှ ရဲခေါင်သူရိန်'' နှင့် တပ်သား ၅ဝဝ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက်စသည် တို့ဖြင့် ကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက် ခဲ့ကြသည်။

''မင်းလှခံတပ်ကို မြန်မာ့ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံကြီး အဖြစ် သတ်မှတ်ပြီး ရှေးဟောင်း သုတေသန နှင့် စာကြည့်တိုက် ဦးစီးဌာနက ၁၉၅၇ ခုနှစ်က နေ အခုချိန်အထိ ပြုပြင် ထိန်းသိမ်းထား ပါတယ်။ ခံတပ်အတွင်းမှာ ပလတ်စတစ် နှင့် အမှိုက်ကင်းမဲ့ဇုန် အဖြစ် အမှိုက်ခြင်းတွေ ထားရှိပြီး ဝန်ထမ်းလေးဦးနဲ့ နေ့စဉ် သန့်ရှင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက် ပါတယ်။ ကျွဲ၊ နွား၊ တိရစ္ဆာန် တွေ ဝင်ရောက်မှု၊ ခံတပ်အတွင်း အရက်သေစာ သောက်စားမှုနဲ့ မဖွယ်မရာမှုတွေ မပြုလုပ်ဖို့လည်း အထူးတားမြစ် ထားပါတယ်။ ပြည်တွင်း ခရီးသွားတွေ အပြင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ကလည်း တစ်လလျှင် ပျမ်းမျှဦးရေ ၁ဝဝ ကျော်ကနေ ၃ဝဝ အထိရှိပါ တယ်'' ဟု ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက် မင်းလှ ဌာနစိတ် ဒုတိယဦးစီးမှူး က ပြောပြသည်။

ကျော်စွာ (မကွေး)

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment