Pages

Sunday, December 20, 2015

မြန်မာ့လက်ဖက်အစို အမေရိက ဈေးကွက်သို့ ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် တန် ၂၀ ၀န်းကျင် တင်ပို့နိုင်ခဲ့



ရန်ကုန် ၊ ၂၀-၁၂-၂၀၁၅

ပြည်တွင်း၌ စိုက်ပျိုး ထွက်ရှိသည့် လက်ဖက်အစို ကို အမေရိကန် နိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် တန် ၂ဝ ဝန်းကျင်ခန့် တင်ပို့ ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံ လက်ဖက် အစုအဖွဲ့မှ သိရသည်။

လက်ဖက်အစို ကို အမေရိကန် နိုင်ငံသို့ ၂ဝ၁၅ ခုနှစ် ဧပြီလတွင် ပထမအကြိမ် တင်ပို့ခဲ့ပြီး ယခု ဒုတိယအကြိမ် တင်ပို့မှုမှာ နိုဝင်ဘာ ၂၈ ရက်က တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်ဖက် အစုအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးဝင်းအောင် က ပြောသည်။ ယင်းကဲ့သို့ လက်ဖက်အစို အား နှစ်ကြိမ်တင်ပို့ ရာတွင် ကွန်တိန်နာ တစ်လုံးစာစီ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး ထွက်ရှိသည့် ပစ္စည်းမှာ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ် ရထားကာ နိုင်ငံတကာ အသိအမှတ်ပြု သန့်ရှင်း သပ်ရပ်မှု လက်မှတ်ရ စက်ရုံမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

''လက်ဖက်ကို အသင့်နှပ်ပြီးသား ကုန်ချောအနေနဲ့ မဟုတ်ဘဲ ကုန်ကြမ်း အနေနဲ့သာ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဟိုရောက် တော့မှ သူတို့ လိုချင်တဲ့ ပုံစံကို ပြောင်းလဲ ထုတ်လုပ်မှာ ပါ။ တင်ပို့နိုင်ဖို့ အတွက် အထွေအထူး အခက်အခဲ မရှိပေမယ့် လိုအပ်တဲ့ အသိအမှတ်ပြု လက်မှတ်၊ စိုက်ခင်းတွေ ကိုတော့ အဆင့်မြှင့် တင်ပြီး လုပ်ခဲ့ရတယ်။ အနည်းဆုံးတော့ အမေရိကန် ဈေးကွက်ကို တင်ပို့နိုင် သွားပြီ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

လက်ဖက်အစိုကို ရွှေပန်လော ကုမ္ပဏီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ လုပ်ငန်းရှင်များ နှင့်တောင်သူများ စုဖွဲ့ထားသည့် တအောင်း (Tea World Company) တို့မှ စုပေါင်းတင်ပို့ ခဲ့ခြင်းဖြစ်ပြီး လက်ဖက်အစို ထုတ်ကုန်မှာ ကမ္ဘာတွင် မြန်မာနိုင်ငံ တစ်ခုတည်းသာရှိပြီး နိုင်ငံတကာ ဈေးကွက် ရရှိနိုင်ရေး အတွက် ဆက်လက် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment