Pages

Thursday, December 24, 2015

ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ရင်သားကင်ဆာနှင့် ပတ်သက်၍ နေ့စဉ် အခမဲ့စစ်ဆေးနိုင်


ရန်ကုန် ၊ ၂၄-၁၂-၂ဝ၁၅

ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ ရင်သားကင်ဆာနှင့် ပတ်သက်၍ နေ့စဉ်အခမဲ့ စစ်ဆေး ပေးနေခြင်းကြောင့် တစ်နေ့လျှင် အမျိုးသမီး ၁ဝဝ ဝန်းကျင်ခန့် လာရောက် စမ်းသပ်မှု ခံယူနေကြောင်း သိရသည်။

ရင်သားကင်ဆာ ကြိုတင် ကာကွယ်ရေး ဆေးခန်းကို ဗဟိုအမျိုးသမီး ဆေးရုံကြီး၏ ပြင်ပလူနာဌာန (E-အဆောင်) ၌ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း အခမဲ့ လာရောက်စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရသည်။

''နေ့တိုင်းလာရောက် စစ်ဆေးလို့ ရပါတယ်။ စစ်ဆေးလို့မ တွေ့ရင် မိမိဘာသာ လက်နဲ့ စမ်းနည်းတွေကို သင်ပြပေး လိုက်တယ်။ လိုအပ်ရင်တော့ ရင်သားကို ဓာတ်မှန်ရိုက်ပေး လိုက်ပါ တယ်။ ကုသဖို့ လိုအပ်တယ် ဆိုရင်တော့ ခွဲစိတ် ဌာနတွေ ဘက်ကို လွှဲပေးတာမျိုး ရှိတယ်'' ဟု ဗဟိုအမျိုးသမီး ဆေးရုံ မီးယပ်ကင်ဆာ ရောဂါကုဌာန သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သင်း က ပြောသည်။

ထိုသို့ စစ်ဆေးပေးရာ၌ လက်ဖြင့် စမ်းသပ် စစ်ဆေးခြင်းနှင့် မျိုးရိုးထဲတွင် ရင်သားကင်ဆာ နှင့် သားဥအိမ်ကင်ဆာ ရှိသူများ၊ အသက် ၅ဝ ကျော် အဝလွန်သူများနှင့် ကလေး မမွေးဖူးသူများ၊ ရင်သား တစ်ဖက်တွင် ကင်ဆာရောဂါ ဖြစ်ပွားနေသူ များကို လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပေးခြင်း တို့ကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရောဂါလက္ခဏာ များသည် ချိုင်းကြားအောက် တွင်လည်းကောင်း၊ ရင်သားနှင့် အနီးတစ်ဝိုက် တွင်လည်းကောင်း အလုံးအဖုများ ရှိခြင်း၊ ရင်သား အရေပြား ထူလာခြင်း၊ ရင်သား ရှိအပေါ်ယံ အရေပြားတွင် အချိုင့်အခွက်များ ရှိခြင်း၊ နို့သီးခေါင်းမှ သွေးရည်ကဲ့သို့ အရည်များ ထွက်လာတတ်ခြင်း နှင့် နီရဲ၍ ရောင်ရမ်းနေခြင်း စသည်တို့ ဖြစ်ပေါ် တတ်ကြောင်း ဆေးသုတေသန စာတမ်းများ အရ သိရသည်။

မြန်မာနိုင်ငံ၌ ရင်သားကင်ဆာ သည် အမျိုးသမီးများ၌ အဖြစ်အများဆုံး နှင့် အသက် ဆုံးရှုံးမှု အများဆုံးရောဂါ တစ်ခုဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အထိ အမျိုးသမီးဦးရေ တစ်သိန်းလျှင် ၁၂၅ ဦးနှုန်းခန့် ရင်သားကင်ဆာ ဖြစ်ပွားလျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန် ထားသည်။

မိမိကိုယ်တိုင် ရင်သားကင်ဆာ ဖြစ်၊ မဖြစ် ကို မတ်တတ်ရပ်၍ ကြည့်ရှုနည်း၊ မတ်တတ်ရပ်၍ စမ်းသပ်နည်း၊ အိပ်လျက် စမ်းသပ်နည်း တို့ဖြင့် စမ်းသပ်နိုင်သည်။ မိမိကိုယ်တိုင် ရင်သားကင်ဆာ ဖြစ်၊ မဖြစ် မတ်တတ်ရပ်၍ ကြည့်ရှုနည်းဖြင့် လစဉ်ပုံမှန် စမ်းသပ်နိုင်ပြီး ယင်းသို့ လစဉ်ပုံမှန် စစ်ဆေးခြင်းသည် အရေးကြီးပြီး အလေ့အကျင့် တစ်ခု ဖြစ်လာရန် လိုအပ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment