Pages

Friday, December 18, 2015

သွေးလှည့်ပတ်ခြင်း နှင့်ဓာတ်စာ




သွေးလှည့်ပတ်ခြင်း နှင့်ဓာတ်စာ

ဒေါက်တာလွင်သန့် (ဆေး-၂)

လူတစ်ဦး ကျန်းမာနေစေဖို့ နေထိုင် စားသောက်မှုပုံစံက အရေးပါလှ ပါတယ်။ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင် စားသုံးရမယ့် အပြင် ကိုယ်လက်လှုပ်ရှား အားကစား လုပ်ဖို့လည်း လိုအပ်ပါတယ်။

ဒါမှသာ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှု ကောင်းမွန်ပြီး ကျန်းမာတဲ့ ဘဝကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့ အားကစားအပြင် ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့ နေ့စဉ် အားကစားလုပ်ဖို့ အပြင် တခြားဆောင် ရန်၊ ရှောင်ရန်တွေ ရှိပါတယ်။ သွေးလှည့်ပတ်မှု မကောင်းရင် တခြားရောဂါတွေ ဖြစ်နိုင်တယ်။ လက်ဖျားခြေဖျား အေးခြင်း၊ ခြေထောက်မှာ အနာဖြစ်ခြင်း နဲ့ သွေးကြောထုံးခြင်း ဖြစ်တတ်တယ်။ ဦးခေါင်းမှာ သွေးလှည့်ပတ်မှု မကောင်းရင် ဆံပင်ကျွတ် နိုင်တယ်။ ယောဂကျင့်စဉ် နည်းထဲက အုန်းပင် စိုက်နည်းဟာ သွေးလှည့်ပတ်မှု ကောင်းစေပြီး ဆံပင်ပြန် ပေါက်လာကြောင်း တွေ့ရှိရပါတယ်။

ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းရင် မှတ်ဉာဏ် ဆုံးရှုံးပြီး အသိအာရုံ ဆုံးရှုံးလို့ စိတ်ဖောက်ပြန် ရတဲ့အထိ ဖြစ်နိုင်တယ်။ သွေးလှည့်ပတ်မှု မကောင်းခြင်းက သွေးကြောငယ်များ ကျုံ့သွား ပြီး နောက် သွေးကြော အတွင်း ပိတ်ဆို့စေနိုင်တဲ့ အထိ ဖြစ်ပေါ်လာတယ်။ ခြေလက်အေးပြီး ရောင်ရမ်း ကိုက်ခဲခြင်းနဲ့ ခြေလက်ပုပ် ရောဂါတွေက သွေးလွှတ်ကြော ကျုံ့ပြီး ပိတ်ဆို့သွား ရာကနေ ရင်ဘတ် အောင့်ခြင်းမှ မှတ်ဉာဏ်ဆုံးရှုံးလို့ စိတ်ဖောက်ပြန်ခြင်း တို့ ဖြစ်တတ် ပါတယ်။

နှစ်ခါပြန်ကြော်ဆီ ၊ တိရစ္ဆာန်ဆီ ၊ ဆီအုန်း နဲ့စီမံထားတဲ့ အသင့်အမြန်စား အစားအစာ၊ ဆင်းဒဝှစ်ခ်ျ၊ ဟမ်ဘာဂါ၊ ပီဇာမုန့်တွေ၊ မလိုင် မထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ချောကလက်နဲ့ ဒံပေါက်စတဲ့ အစားအစာ တွေကို ရှောင်ရမယ်။

မရှိမဖြစ် လိုအပ်တဲ့ အဆီဟာ သွေးကြောတွေ ကျန်းမာရေး အတွက် အရေးကြီးတယ်။ အဆီဆူဖြိုးတဲ့ ငါးနဲ့ အစေ့အဆန်တွေ မှီဝဲသင့်တယ်။ ထောပတ်သီးမှာ မပြည့်ဝဆီ ပါဝင်လို့ တစ်ပတ်တစ်ကြိမ် စားသင့်တယ်။ အဆီနည်းတဲ့ ဒိန်ခဲနဲ့ ထမင်း၊ အဆီ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်း စားရမယ်။ နူးနပ်အောင် ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက် နဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံကို နေ့စဉ်စားသုံး တဲ့အစားအစာမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။

နေ့စဉ် ဗီတာမင်အီး 200 IU သောက်သုံးခြင်းက သွေးစေးပျစ်မှုကို ကာကွယ်ပေး ပါတယ်။ ဗီတာမင်စီ ၁ဝဝဝ မီလီဂရမ်နဲ့ အိုင်အိုဖလေဗင်နွိုက် စားသုံး ပေးခြင်းက သွေးကြောမျှင်များ ကြံ့ခိုင်မှု ဖြစ်စေတယ်။ တရုတ်ရိုးရာ တိုင်းရင်းဆေး Ginkgo Biloba ဟာ သွေးလှည့်ပတ်မှု ကောင်းစေတယ်။ Niacin (ဗီတာမင်ဘီသရီး) ဟာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အရေပြား နီမြန်းမှု ဖြစ်စေတယ်။ ၃ဝ မီလီဂရမ် ကစပြီး ၁ဝဝ မီလီဂရမ် အထိ တိုးသောက် သင့်တယ်။ ဘီတာမင်ဘီ အုပ်စုဝင် ဆေးများ မှီဝဲသင့်တယ်။

နေ့စဉ် နာရီဝက်မှ တစ်နာရီ အထိ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ပေးသင့် ပါတယ်။ ရေဆာရင် ရေပဲ သောက်သင့်ပြီး အချိုရည်နဲ့ ဘီယာ မသောက်သုံး သင့်ပါဘူး။

မုန်ညင်းစေ့အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးမှာ ထည့်ပြီး ခြေထောက်ကို စိမ်ပေးခြင်းက သွေးလှည့်ပတ်မှု ကောင်းစေတယ်။ သံလိုက်စွမ်းအား သုံးပြီးလည်း သွေးလှည့် ပတ်မှု ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု လျော့ကျလို့ သို့မဟုတ် ပြတ်တောက်လို့ သို့မဟုတ် ပိတ်ဆို့သွားလို့ ကိုယ်ခန္ဓာတစ်ခြမ်း မသန်စွမ်းဖြစ်ပြီး ဘဝဆုံးရှုံး နိုင်တာကြောင့် သွေးဖိအား ကိုလည်း မှန်မှန် ချိန်သင့်ကြောင်း တိုက်တွန်း ရေးသားလိုက် ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment