Pages

Wednesday, December 23, 2015

ပတ်ဝန်းကျင်ထိခိုက်မှုကင်းသော ဆိုးဆေးအခြေပြု၍ အပင်များဖြင့် ဆိုလာဆဲလ် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်



ရန်ကုန် ၊ ၂၃-၁၂-၂၀၁၅

ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေသော အပင်များဖြင့် ဆိုလာဆဲလ် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်စွာ သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ သိရသည်။

အဆိုပါ ဆိုလာဆဲလ်များကို အပင်များ၏ ပန်းပွင့်၊ အရွက်၊ အသီးနှင့်အခေါက် တို့မှ Natural Dyes များထုတ်ယူကာ သုတေသန ပုံစံငယ်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဆိုးဆေး အခြေပြု၍ ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

''ဒီနည်းပညာက စမ်းသပ်လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ အခုအောင်မြင်မှု ရရှိပြီးတဲ့ အနေအထားမျိုး ပါပဲ။ ပြည်သူတွေ ဆီကိုတော့ ဖြန့်ချိနိုင်တဲ့ အနေအထားမျိုး မရှိသေးပေမယ့် ကျောင်းထဲ မှာတော့ အောင်မြင်စွာ ထုတ်လုပ်နိုင်တဲ့ အနေအထား တစ်ခုပါ'' ဟု ရူပဗေဒဌာနမှ ကထိက ဆရာမတစ်ဦးက ပြောသည်။

ထိုသို့ လုပ်ဆောင်ထားသည့် သုတေသန မူလပုံစံငယ် များကို အများပြည်သူနှင့် ကျောင်း သား၊ ကျောင်းသူများ လေ့လာ မှတ်သားနိုင်ရန် ပြသခဲ့ပြီး ရန်ကုန်တက္ကသိုလ် ၏ သိပ္ပံပွဲခင်း၌ စိတ်ဝင်စားမှု များပြားသော ပြကွက် တစ်မျိုးလည်း ဖြစ်ခဲ့သည်။ ဆိုးဆေး အခြေပြု ဆိုလာဆဲလ် (Dye Sensitited Solar Cell) သည် ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေသည့်အပြင် ဈေးနှုန်းချိုသာစွာ ထုတ် လုပ်ပေး နိုင်မည်ဖြစ်သည်။

ထို့ပြင် ကမ္ဘာပေါ်၌ စီးပွားဖြစ် အများဆုံး ထုတ်လုပ်နေသော Silicon Wafer အခြေခံဆိုလာဆဲလ် များကိုလည်း စမ်းသပ်ပြုလုပ် နေပြီဖြစ်ပြီး ဆဲလ်တစ်ခုချင်း စီကိုလည်း စမ်းသပ်နိုင်ပြီ ဖြစ်ရာ Solar Panel အပြားငယ်များ ကိုလည်း စမ်းသပ်ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရသည်။

သဘာဝ အရင်းအမြစ်များမှ အမြဲပုံမှန်ပြန်လည် ဖြည့်တင်းနေသည့် ပြန်ပြည့်မြဲ စွမ်းအင်များကို ကမ္ဘာ့နိုင်ငံ အသီးသီး၌ အာရုံစိုက် လုပ်ကိုင်လာကြပြီ ဖြစ်သကဲ့သို့ ယင်းစွမ်းအင်များ အနက် နေစွမ်းအင်ကို အသုံးချ၍ သုတေသနပြု ထုတ်လုပ်မှု များလည်း တွင်ကျယ် လာခဲ့ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment