Pages

Thursday, December 3, 2015

ပြင်ဦးလွင်အမျိုးသားကန်တော်ကြီး ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ရာသီဥတုသာယာပါက ဧပြီလအထိ ပြသသွားမည်



ပြင်ဦးလွင် ၊ ၃-၁၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတွင် နှစ်စဉ်ပြုလုပ် လျက်ရှိသော ပန်းပွဲတော် ကို ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရာသီဥတု သာယာပါက ၂ဝ၁၆ ခုနှစ် ဧပြီလထိ ဆက်လက် ပြသသွားမည် ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

''ဒီနှစ်ပြုလုပ်မယ့် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ရာသီဥတုသာယာ ကောင်းမွန်မယ် ဆိုရင် လာမယ့် ၂ဝ၁၆ ခုနှစ် ဧပြီလအထိ ပြသသွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိကတော့ ဥယျာဉ်အတွင်းမှာ ပန်း စိုက်ပျိုး ပြင်ဆင်မှုတွေ ဆောင်ရွက် နေဆဲဖြစ်ပါတယ် '' ဟု အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထူး က ပြောပြသည်။

ယခုနှစ် ပြုလုပ်မည့် အမျိုးသား ကန်တော်ကြီးဥယျာဉ် ပန်းပွဲတော် ပြပွဲတွင် ဒေသခံများ အတွက် ဒေသထွက်ကုန်များ၊ ဆွယ်တာ အထည်များ၊ လက်မှုပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ ပါဝင်ရောင်းချ နိုင်ရေးအတွက် ဆိုင်ခန်း ၁၂ ခန်းကို အရောင်းပြခန်း ကဏ္ဍ တစ်ရပ်အနေဖြင့် ထည့်သွင်း စီစဉ်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ပန်းပွဲတော်တွင် ဂီတပွဲတော် ကိုပါ ထည့်သွင်းစီစဉ် ထားကြောင်း၊ ဂီတပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် များကို ငှားရမ်းရန် စီစဉ်ထားကြောင်း သိရသည်။

''ဂီတပွဲတော် အတွက် နိုင်ငံကျော် နာမည်ကြီး အဆိုတော် တွေကို ငှားရမ်းပြုလုပ်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ပါမလဲဆိုတာ ကိုတော့ ထပ်မံကြေညာ သွားမှာပါ။ လက်ရှိကတော့ စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုအကြိမ် ကျင်းပပြုလုပ်မည့် ပန်းပွဲတော်သည် (၁ဝ)ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး ဂီတပွဲတော်မှာ (၁၁)ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပန်းပွဲတော် ရက်တွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အများအပြား လာရောက်လေ့ ရှိကြောင်း သိရသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment