Pages

Wednesday, November 18, 2015

CAF ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်၏ ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာမှ ရပ်တည်



ရန်ကုန် ၊ ၁၈-၁၁-၂၀၁၅

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများ စာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည် နိုင်ခဲ့ကြောင်း လန်ဒန် အခြေစိုက် CAF (Charities Aid Foundation) မှ ထုတ်ပြန်သည့် ကမ္ဘာ့ အလှူဒါန ညွှန်းကိန်းစစ်တမ်း ၂ဝ၁၅ တွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းမှာ Gallup သုတေသန အဖွဲ့နှင့် CAF တို့ ပူးပေါင်း ကောက်ယူသည့် စစ်တမ်းဖြစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ အသက် ၁၅ နှစ်နှင့်အထက် လူများကို မေးမြန်း၍ စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံ သည် ယမန်နှစ်က အမေရိကန် နိုင်ငံနှင့် ပူးတွဲ ပထမ နေရာ၌ ရပ်တည်နိုင် ခဲ့သည်။ ယခုနှစ်တွင် ထိပ်ဆုံး နေရာ၌ ရပ်တည်နိုင်ခဲ့ကာ အမေရိကန် နိုင်ငံသည် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

စစ်တမ်း ပြုလုပ်ရာတွင် လူအများ၏ ငွေလှူဒါန်းမှု ပြုလုပ်ပုံ၊ အချိန်ပေး၍ စေတနာ့ ဝန်ထမ်း အလုပ်များ လုပ်ပေးတတ် ကြပုံနှင့် အကူအညီ လိုအပ်နေသူ များအား ရက်ရောစွာ လှူဒါန်းတတ်ပုံ များကို လေ့လာ အကဲဖြတ် ထားပြီး အဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လူဦးရေ အများစုသည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြရာ သံဃာတော် များနှင့် သီလရှင်များကို ဘာသာရေး အရ ပူဇော်ခြင်းနှင့် အလှူ ပေးခြင်းများ ပုံမှန် ပြုလုပ်ကြကာ ဘုရား ကျောင်းကန်များ ကိုလည်း လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပြီး ယင်းသို့ လှူဒါန်းခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် လူမှု အဖွဲ့အစည်း များတွင် အရေးပါသည့် အချက်တစ်ခု ဖြစ်ကြောင်း CAF ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်၏ ကမ္ဘာပေါ်တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများ စာရင်း၌ အမေရိကန် နိုင်ငံမှ ဒုတိယ ရရှိခဲ့ပြီး ယင်းနောက်၌ နယူးဇီလန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်၊ နယ်သာလန်၊ သီရိလင်္ကာ၊ အိုင်ယာလန်နှင့် မလေးရှားနိုင်ငံ တို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။

G 20 နိုင်ငံများထဲမှ ငါးနိုင်ငံသာ CAF World Giving Index ၏ ထိပ်ဆုံး ၂ဝ စာရင်းတွင် ပါဝင်ခဲ့သည့် အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ခြင်းနှင့် အလှူအတန်း ရက်ရောခြင်း မဆိုင်ဟု ကောက်ချက်ချ နိုင်ကြောင်း၊ G-20 အဖွဲ့ဝင် ငါးနိုင်ငံသာ ထိပ်ဆုံး ၂ဝ စာရင်းတွင် ပါဝင်ပြီး ကျန် ၁၅ နိုင်ငံမှာ အဆင့် (၅ဝ)ကျော်တွင် ရှိနေကြောင်း သိရသည်။

ယခုနှစ် စာရင်းတွင် အောက်ဆုံး ၁၅၃ နိုင်ငံမြောက်မှာ ဘူရွန်ဒီနိုင်ငံ ဖြစ်ပြီး ယင်း၏ရှေ့တွင် တရုတ်၊ ယီမင်နှင့် လစ်သူယေးနီးယား နိုင်ငံတို့က အစဉ်လိုက် ရပ်တည်ခဲ့ကြောင်း သိရသည်။ လေ့လာမှုများ ပြုလုပ်နေသည့် သက်တမ်း တစ်လျှောက်တွင် အထူးခြားဆုံး အနေဖြင့် အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုပေးကမ်း လှူဒါန်း တတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (၄၄၇)


မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment