Pages

Friday, November 6, 2015

တားမြစ်ထားသော ငါးဖမ်းနည်းများ အသုံးပြုခြင်းနှင့် ငါးသားပေါက်ချိန်တွင် ငါးဖမ်းခြင်းတို့ကြောင့် ဇီဝရေသယံဇာတများ လျော့နည်းလာ



ရန်ကုန် ၊ ၆-၁၁-၂၀၁၅

မြန်မာ့ ပင်လယ်ရေ ပိုင်နက် အတွင်း၌ ရေသယံဇာတ များနှင့် ငါး၊ ပုစွန် သားပေါက်နှုန်းများ တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာလျက်ရှိရာ ငါး၊ ပုစွန် ဖမ်းဆီးရေး လုပ်ငန်းများမှ ရရှိသော အကျိုးအမြတ် ပမာဏများ မှာလည်း ယခင်ကထက် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ တရားဝင် ငါးဖမ်း လုပ်ငန်းများမှ ဖမ်းမိသော ငါး၊ ပုစွန် ပမာဏသည် ယခင်ကထက် ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်း လာကြောင်း သိရသည်။ ထိုကဲ့သို့ ကျဆင်းလာ ရခြင်းမှာ တရားမဝင် ငါးခိုးဖမ်းသူ များနှင့် တားမြစ်ထားသော ငါးဖမ်းနည်း များကို အသုံးပြုခြင်းများ ကြောင့်ဖြစ်ပြီး ၄င်းတို့ကို ပိုမို ထိရောက်စွာ ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငါးဖမ်းဆီးခွင့် တားမြစ်ထားသော ကာလအတွင်း ငါးဖမ်းဆီး သူများနှင့် ပိုက်စိပ်ပစ် သူများအပြင် မြန်မာ့ပင်လယ်ပြင် ရေသယံဇာတ လျော့နည်း လာစေမည့် နည်းလမ်းများ အသုံးပြုနေသော ငါးဖမ်း လုပ်ငန်းရှင် များကိုလည်း စောင့်ကြည့် စစ်ဆေးကာ အရေးယူသွားမည် ဖြစ်သည်။ ပင်လယ်ပြင် ဂေဟစနစ် မပျက်စီးစေရန် သက်ဆိုင်ရာမှ တားမြစ်ထားသော ငါးဖမ်းနည်း များတွင် တရွတ်တိုက်ဆွဲ ငါးဖမ်းနည်း၊ ကျားပိုက်ချ ငါးဖမ်းနည်းနှင့် တရုတ်ဘုံကျောင်း ငါးဖမ်းနည်းတို့ ပါဝင်ကြောင်း သိရသည်။

မကြာသေးမီက နော်ဝေနိုင်ငံမှ ရေပြင် သုတေသန ရေယာဉ်ကို အသုံးပြု၍ မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံ တို့မှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းကာ မြန်မာ့ ပင်လယ်ပြင်၌ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ငါးဥချိန်နှင့် ငါးသားပေါက် ချိန်များတွင် ငါးခိုးဖမ်းခြင်း များကြောင့်လည်း ရေသယံဇာတများ ဆုံးရှုံးနေခြင်း ဖြစ်ကြောင်း လေ့လာ သိရှိခဲ့သည်။ ယင်းကဲ့သို့ ဖမ်းဆီးခြင်းများ မပြုလုပ်ကြ စေရန်လည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းများမှ တင်းကျပ်စွာ တားမြစ် ထားကြောင်း သိရသည်။ (မိုးယံထက်)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment